အာဆီယံထုတ်လုပ်မှုကဏ္ဍအခြေအနေ ရှေ့ဆက်ကျဆင်းလာခဲ့ပြီး စစ်တမ်းတွင်ပါဝင်သည့် ခုနစ်နိုင်ငံအနက် မြန်မာနိုင်ငံက ကုန်ထုတ်လုပ်ငန်းများ အသိသာဆုံး ဆုတ်ယုတ်လာ

အာဆီယံထုတ်လုပ်မှုကဏ္ဍအခြေအနေ ရှေ့ဆက်ကျဆင်းလာခဲ့ပြီး စစ်တမ်းတွင်ပါဝင်သည့် ခုနစ်နိုင်ငံအနက် မြန်မာနိုင်ငံက ကုန်ထုတ်လုပ်ငန်းများ အသိသာဆုံး ဆုတ်ယုတ်လာ
ကုန်ထုတ်စက်ရုံများလည်ပတ်လျက်ရှိသော ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ကုန်ထုတ်စက်ရုံများလည်ပတ်လျက်ရှိသော ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 2 October 2020
စည်သူအောင်

အာဆီယံထုတ်လုပ်မှုကဏ္ဍ အခြေအနေ ရှေ့ဆက်ကျဆင်းလာခဲ့ပြီး စစ်တမ်းတွင် ပါဝင်သည့်ခုနစ်နိုင်ငံအနက် မြန်မာနိုင်ငံက ကုန်ထုတ်လုပ်ငန်းများ အသိသာဆုံးဆုတ်ယုတ်လာကြောင်း Nikkei ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်သော IHS Markit စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

စက်တင်ဘာလ နောက်ဆုံးစစ်တမ်းဒေတာအရ အာဆီယံထုတ်လုပ်ရေးအခြေအနေများမှာ တတိယသုံးလပတ် အဆုံးပိုင်းတွင် စိန်ခေါ်မှုများ ရှိမြဲရှိနေဆဲဖြစ်သည်။ သြဂုတ်လတွင် တည်ငြိမ်ခဲ့သည့်နောက်ပိုင်း ထုတ်လုပ်မှုသည် အလုပ်သစ်ရရှိမှု ဆက်လက်ကျဆင်းလာမှုအကြားတွင် နိမ့်ကျသွားခဲ့သည်။ ဤအတောအတွင်း ကုမ္ပဏီများက ဝန်ထမ်းဦးရေကို ၁၆ လမြောက်ဆက်တိုက် ဖြတ်တောက်ခဲ့ကြသော်လည်း အလုပ်နေရာလျှော့ချခံမှုနှုန်းမှာ သြဂုတ်လထက် မသိမသာအားပျော့လာခဲ့သည်။ သို့သော်လည်း ကုမ္ပဏီများက စီးပွားရေးနာလန်ပြန်ထူလာမည်ဟု ယေဘုယျအားဖြင့် ပို၍ယုံကြည်နေကြသောကြောင့် လာမည့် ၁၂ လဆိုင်ရာ ထုတ်လုပ်မှု မျှော်မှန်းချက်များမှာ ရှစ်လအတွင်း အမြင့်ဆုံးသို့တက်လှမ်းခဲ့ရာ အပြုသဘောလက္ခဏာအချို့ကို မြင်တွေ့ရသည်။

အာဆီယံ PMI အညွှန်းမှာ သြဂုတ်လ  ၄၉ မှ စက်တင်ဘာလတွင် ၄၈ ဒသမ ၃ သို့ နိမ့်ဆင်းသွားကာ အာဆီယံထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေ ဆက်လက်ဆုတ်ယုတ်နေကြောင်း အချက်ပြနေသည်။ သို့သော်လည်း နောက်ဆုံးလ၏အညွှန်းမှာ COVID-19 ကပ်ရောဂါကူးစက်မှု အမြင့်ဆုံးဖြစ်ခဲ့သည့် နွေဦးတွင်မြင်ခဲ့ရသည်ထက် သိသာစွာ မြင့်မားလျက်ရှိနေသည်။ အဘက်ဘက်မှ ကျဆင်းလာမှု၏ အဓိကအကြောင်းရင်းမှာ စက်မှုထုတ်လုပ်မှု ထပ်မံကျဆင်းလာခြင်းနှင့်အတူ အော်ဒါမှာယူမှုပမာဏများ ခုနစ်လဆက်တိုက် ကျဆင်းလာမှုဖြစ်ပြီး ကျဆင်းမှုနှုန်းမှာမူ အသင့်အတင့်မျှသာရှိသည်။

အကျုံးဝင်သည့် ခုနစ်နိုင်ငံအနက် မြန်မာနိုင်ငံ၏အခြေအနေများမှာ အသိသာဆုံး ဆုတ်ယုတ်လာခဲ့သည်။ ညွှန်းကိန်းမှာ စက်တင်ဘာတွင် စံချိန်တင်နီးပါးနိမ့်သည့် ၃၅ ဒသမ ၉ သို့ထိုးကျသွားခြင်းက တင်းကြပ်သည့် Lockdown အစီအစဉ်များကြောင့် ထုတ်လုပ်နိုင်စွမ်းများ အားနည်းလာမှုကို မီးမောင်းထိုးပြလိုက်သည်။ အင်ဒိုနီးရှားသည်လည်း သြဂုတ်လတွင် အခြေအနေများ မသိမသာကောင်းလာခဲ့မှုနောက်တွင် အသစ်တဖန်ကျဆင်းမှုကို ရင်ဆိုင်ခဲ့ရသည်။ ညွှန်းကိန်း ၄၇ ဒသမ ၂ က ကူးစက်မြန်ရောဂါ၏ အဆိုးရွားဆုံးကာလက မြင်ခဲ့ရသည့်ကျဆင်းမှုထက် များစွာညင်သာခဲ့သော်လည်း အပြင်းထန်ဆုံးတစ်ခု ဖြစ်နေဆဲဖြစ်သည်။

အခြားနိုင်ငံများအနက် စင်ကာပူနှင့် မလေးရှားတွင် ရှေ့ဆက်ကျဆင်းမှုကို မှတ်တမ်းတင်ခဲ့သည်။ စင်ကာပူတွင် အခြေအနေများ နောက်ဆုံးဆုတ်ယုတ်ခဲ့မှုမှာ ဇန်နဝါရီမှစပြီး အားအပျော့ဆုံးဖြစ်ခဲ့ပြီး ခြုံပြောရလျှင် အသင့်အတင့် ညွှန်းကိန်း ၄၈ ဖြစ်ခဲ့သည်။ မလေးရှားကုန်စည်ထုတ်လုပ်သူတို့က မသိမသာများသည့် ကျဆင်းမှုနှုန်းကို မှတ်တမ်းတင်ခဲ့ကြပြီး ညွှန်းကိန်းမှာ လေးလအတွင်း အနိမ့််ဆုံး ၄၉ သို့ နိမ့်ဆင်းသွားသည်။ ဤအတောအတွင်း ထိုင်းနှင့် ဖိလစ်ပိုင်တို့မှာ အခြေအနေများ တည်ငြိမ်နေသည်။ ယင်းနိုင်ငံများ၏ အညွှန်းမှာ ၄၉ ဒသမ ၉ နှင့် ၅၀ ဒသမ ၁ တွင် အသီးသီးရှိနေရာ အမှတ် ၅၀ ဝန်းကျင်တွင်ဖြစ်သည်။ ဗီယက်နမ်ထုတ်လုပ်ရေးကဏ္ဍမှာ စက်တင်ဘာတွင် သုံးလအတွင်း အခြေအနေများ ပထမဦးဆုံးအကြိမ် တိုးတက်ခဲ့သည်။ ညွှန်းကိန်း ၅၂ ဒသမ ၂ မှာ ၂၀၁၉ ခုနှစ် ဇူလိုင်လမှစပြီး အမြင့်ဆုံးဖြစ်ခဲ့ရာ အခြေအနေများ အသင့်အတင့်ကောင်းမွန်လာခြင်းကို အချက်ပြနေသည်။

ခြုံကြည့်လျှင် စက်တင်ဘာဒေတာက အာဆီယံထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းမှ စိန်ခေါ်မှုများသည့် အခြေအနေများကို မီးမောင်းထိုးပြနေသည်။ ဖောက်သည်များဘက်မှ ဝယ်လိုအားပျော့လာခြင်း၏ ရောင်ပြန်ဟပ်မှုကို ရရှိသည့်အော်ဒါ စုစုပေါင်းပမာဏများ ကျဆင်းလာမှုကို တွေ့မြင်ရပြီး ရလဒ်အနေဖြင့် စက်ရုံထုတ်လုပ်မှုကို ကျဆင်းစေခဲ့သည်။ ပြည်ပတင်ပို့ရေးအော်ဒါသစ်များရရှိမှု သိသာစွာ ဆက်လက်ကျဆင်းလာခဲ့၍ နိုင်ငံတကာစျေးကွက်များလည်း အားနည်းလာသည်မှာ ထင်ရှားနေသည်။

အကျိုးဆက်အဖြစ် လက်ကျန်အလုပ် ပမာဏများ တစ်ဟုန်ထိုး ဆက်လက်ကျဆင်းလာခဲ့ပြီး ကုန်စည်ထုတ်လုပ်သူတို့က ၎င်းတို့၏ဝန်ထမ်းဦးရေကို ရှေ့ဆက်ဖြတ်တောက်ခဲ့ကြသည်။ ထုတ်လုပ်မှုလျှော့ချရန် လိုအပ်ခဲ့၍ အာဆီယံထုတ်လုပ်ရေးကုမ္ပဏီများက ဝယ်ယူရေးလုပ်ငန်းများကို လျှော့ချခဲ့ကြပြီး တစ်ချိန်တည်းတွင် ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များ ရှေ့ဆက်ဆုတ်ယုတ်ခဲ့ကာ လုပ်ငန်းပြီးဆုံးရန် ကြာမြင့်ချိန်များလည်း တိုးလာခဲ့သည်။ အကျိုးဆက်အဖြစ် ထည်သွင်းကုန်စရိတ်များမှာ ခြောက်လဆက်တိုက် မြင့်တက်လာခဲ့ပြီး တိုးလာမှုနှုန်းမှာ မေလမှစပြီး အနည်းဆုံးဖြစ်ခဲ့သော်လည်း သိသာသည့်နှုန်း ဖြစ်ခဲ့သည်။ လာမည့် ၁၂ လအတွက် ထုတ်လုပ်ရေးမျှော်မှန်းချက်များမှာ နှစ်လဆက်တိုက် ပိုကောင်းလာပြီး အကောင်းမြင်မှုအဆင့်မှာ ရှစ်လအတွင်း အမြင့်ဆုံးသို့ တက်လှမ်းနိုင်ခဲ့သည်။

HS Market မှ စီးပွားရေးပညာရှင် Lewis Cooper က “ အာဆီယံထုတ်လုပ်ရေး ကဏ္ဍတစ်ဝန်းက အခြေအနေတွေ တတိယ သုံးလပတ်အကုန်ပိုင်းမှာ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။ ထုတ်လုပ်မှုတွေ အသစ်တဖန် ကျဆင်းလာပြီး အော်ဒါသစ်ရရှိမှုလည်း လျော့နည်းလာတဲ့အချိန်မှာ ကဏ္ဍအခြေအနေက ခုနစ်လအတွင်း ဆက်တိုက်ဆက်လက်ဆုတ်ယုတ်လာနေတာကို ညွှန်းကိန်းက အချက်ပြနေပါတယ်” ဟု ပြောကြားသည်။

Most Read

Most Recent