အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် မြောက်ပိုင်း လက်နက်ကိုင်သုံးဖွဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် လုံခြုံရေးအရ အာမခံချက်ရှိပြီးဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောကြား

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် မြောက်ပိုင်း လက်နက်ကိုင်သုံးဖွဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် လုံခြုံရေးအရ အာမခံချက်ရှိပြီးဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောကြား
Published 27 July 2020
 နေရိုင်း၊  ဇေယျာထွန်း

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် မြောက်ပိုင်း လက်နက်ကိုင်သုံးဖွဲ့တို့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် လုံခြုံရေးအရ အာမခံချက်ရှိပြီး ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

၎င်းက “လုံခြုံရေးအရ ကျွန်တော်တို့ကတော့ ပြည်တွင်းထဲမှာလုပ်တဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ EAO အခု ရန်ကုန်မှာလည်း တွေ့နေတာပဲလေ။ ဒါနဲ့ ပတ်သက်လို့ လုံခြုံရေးအရတော့ ကျွန်တော်တို့က အာမခံချက်ရှိပြီး ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်” ဟု ပြောကြားသည်။

နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်တွင် ဇူလိုင် ၂၅ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို အထက်ပါကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မြောက်ပိုင်း သုံးအဖွဲ့အနေဖြင့် နိုင်ငံရေးအရ တွေ့ဆုံပွဲများသို့ တက်ခြင်း မတက်ခြင်း၊ တွေ့ခြင်း မတွေ့ခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးဆောင် လုပ်ဆောင်နေသည့်  NRPC ၏ ဆုံးဖြတ်ချက်သာ ဖြစ်လိမ့်မည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

၎င်းက “အဲဒါမှာပါတဲ့ လုံခြုံရေးအရ အာမခံချက်ရှိလျှင်လို့ ဘာတို့က ဆုံးဖြတ်တယ်ဆိုရင်တော့ လုံခြုံရေးအရတော့ ယခင်ကလည်း ဒီအဖွဲ့တွေနဲ့ ကျိုင်းတုံလို နေရာမျိုးမှာတောင် တွေ့ခဲ့တာလေ။ ပြည်တွင်းထဲမှာတော့ လုံခြုံရေးအရတော့ ကျွန်တော်တို့က အာမခံချက်ပေးပြီးသား ဖြစ်တယ်။ လုံခြုံရေး အရတော့ ခုနပြောတဲ့ဟာနဲ့တော့ မဆိုင်ပါဘူး။ ခွင့်ပြုခြင်း မပြုခြင်း၊ တက်ခြင်း မတက်ခြင်း။ ဒါတွေကတော့ ဦးဆောင်ပြီး လုပ်နေတဲ့အဖွဲ့က ဆုံးဖြတ်လိမ့်မယ်” ဟုဆက်လက် ပြောကြားသည်။

အကြောင်းအမျိုးမျိုးကြောင့် ကျင်းပရန် ကြန့်ကြာနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအား ကိုရိုနာကူးစက်ရောဂါ ကို ထိန်းချုပ်နိုင်သော အခြေအနေတစ်ခုအောက်၌ ပြန်လည်ကျင်းပနိုင်ပါက မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့အနေဖြင့် FPNNC ၏ ဦးဆောင်မှု၊ လမ်းညွန်မှု၊ လုံခြုံရေး အာမခံချက်ရှိသော အခြေအနေတစ်ခုအောက်တွင် တက်ရောက်ရန် ဆန္ဒအပြည့်အဝရှိကြောင်း MNDAA ၊ TNLA ၊ AA ညီနောင်မဟာမိတ် သုံးဖွဲ့က ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာအစိုးရနှင့် မြန်မာ့ တပ်မတော်တို့က ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော်အား မတရားအသင်း၊ အကြမ်းဖက်အသင်း တံဆိပ်ကပ်ပြီး စစ်ရေး၊ နိုင်ငံရေး အပါအဝင် ဘက်ပေါင်းစုံမှ ထိုးနှက် တိုက်ခိုက်နေခြင်းသည် ငြိမ်းချမ်းရေးဖြစ်စဉ် ရရှိထားပြီးသော ယုံကြည်မှုတို့ကို နောက်ဆုတ်သွားစေနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းတို့ မဟာမိတ်သုံးဖွဲ့သည် အကြမ်းဖက်သည့် လုပ်ရပ်ကို ဆန့်ကျင်ကြောင်း၊ မည်သည့် အကြမ်းဖက်အဖွဲ့အစည်းနှင့်အမျှ ပတ်သက်မှုမရှိဘဲ မိမိတို့လူမျိုးအသီးသီး၏ တန်းတူအခွင့်အရေး ရရှိရေးအတွက် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကို ဝင်နေသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများသာ ဖြစ်ကြောင်း၊ မြန်မာအစိုးရ (NRPC) နှင့် မိမိတို့အဖွဲ့အစည်းများအကြား ရပ်တန့်နေသည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံး စတင်လိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

          

Most Read

Most Recent