အက်သလက်တီကိုအသင်းသည် နည်းပြ ဆီမြွန်နီလက်ထက်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲမှ ဝင်ငွေ ယူရိုသန်း(၄၂၀) နီးပါး ရရှိထားကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။
အသက် (၅၀)နှစ်အရွယ်ရှိ အာဂျင်တီးနားလူမျိုးနည်းပြ ဆီမြွန်နီသည် အက်သလက်တီကိုအသင်းကို ၂၀၁၁ ခုနှစ်တွင် စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၁၃-၁၄ ရာသီမှစကာ နှစ်စဉ်နှစ်တိုင်း ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
ထို့ ပြင် ဆီမြွန်နီသည် လာမည့် ၂၀၂၀-၂၁ ရာသီအတွက်လည်း အက်သလက်တီကိုအသင်းကို လာလီဂါပွဲစဉ် (၃၆)အပြီးမှာပင် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
အက်သလက်တီကိုအသင်းသည် ဆီမြွန်နီလက်ထက်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲမှ ဝင်ငွေအများဆုံးရရှိခဲ့သည်မှာ ၂၀၁၈-၁၉ ရာသီဖြစ်ပြီး ယူရို (၈၅.၆၅)သန်းအထိရရှိခဲ့ကာ ယခုရာသီတွင်လည်း ယူရို (၇၆.၃)သန်းအထိ ရရှိထားပြီဖြစ်သည်။
အက်သလက်တီကိုအသင်းသည် ၂၀၁၃-၁၄ ရာသီမှစကာ လက်ရှိအချိန်ထိ ချန်ပီယံလိဂ်မှ ဝင်ငွေ ယူရို (၄၁၇.၇၈)သန်းအထိ ရရှိထားကြောင်း သိရသည်။









