အင်တာမီလန်နည်းပြ ကွန်တီသည် ၎င်း၏ အနာဂတ်နှင့် ပတ်သက်သည့် မီဒီယာများ၏ မေးခွန်းအား မိမိကို အသင်းပိုင်ရှင်များက ယုံကြည်မှုရှိပါက စာချုပ်ကုန်သည်အထိ ဆက်နေမည်ဖြစ်ပြီး မယုံကြည်ပါက ထွက်သွားရန် တုံ့ဆိုင်းနေမည်မဟုတ်ဟု ပြန်လည်ဖြေကြားခဲ့သည်။
အင်တာမီလန်အသင်းသည် စီးရီးအေချန်ပီယံဆုအတွက် မျှော်လင့်ချက်နည်းပါးနေပြီဖြစ်ပြီး ရာသီကုန်ခါနီးတွင် ရလဒ်အတိမ်းအစောင်းများ ရှိလာရာ အဆင့် (၂)နေရာပင် ခြိမ်းခြောက်ခံလာရသည်။
အီတလီဂန္ထဝင်နည်းပြကြီး ကာပယ်လိုက ကွန်တီအား '' ပေါင်သန်း(၁၅၀)အသုံးပြုပြီး မျှော်လင့်ထားသည့်အတိုင်း မလုပ်ပြနိုင်သေးသူ''ဟု ဝေဖန်ခဲ့သည်။
မီဒီယာများက ကွန်တီအား အဆိုပါကိစ္စနှင့် ပတ်သက်၍ ၎င်းနှင့်အင်တာမီလန်အနာဂတ် မည်သို့ ရှိမည်နည်းဟု မေးမြန်းရာ ကွန်တီက မိမိသည် အင်တာမီလန်တွင် စာချုပ်ကုန်သည်အထိ ဆက်ရှိရန် ထိုက်တန်သူဖြစ်ပြီး ဆက်၍လည်း ရှိသွားမည်ဖြစ်ကြောင်း၊ သို့ရာတွင် အသင်းပိုင်ရှင်များက မယုံကြည်တော့ပါက ထွက်သွားရန် တုံ့ဆိုင်းနေမည်မဟုတ်ကြောင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ကွန်တီက ''ကျွန်တော် ဒီမှာ သုံးနှစ် စီမံကိန်းနဲ့ ရောက်ရှိနေတာဖြစ်ပြီး စာချုပ်က သုံးနှစ်ကြာမြင့်မှာပါ။ အဲဒါပြီးရင်လည်း ကျွန်တော် စာချုပ်သက်တမ်းတိုးချင်တဲ့ ဆန္ဒရှိပါတယ်။ ကျွန်တော် ပျော်ရွှင်နေပါတယ်။ သွားစရာလမ်းလည်း ကျန်နေသေးတယ်။ ဒါပေမဲ့ ကျွန်တော့်အပေါ် ကြိုဆိုမှုမှာ မလိုအပ်ဘဲ ကြာရှည်မနေချင်ဘူး။ တစ်ယောက်ယောက်က ကျွန်တော် လုပ်ပြနေတာကို ပျော်ရွှင်တယ်ဆိုရင် ကျွန်တော် ခုနကပြောခဲ့သလိုပဲ ကျွန်တော် စဉ်းစားမှာပါ။ တစ်ယောက်ယောက်က ကျွန်တော် လုပ်နေတာနဲ့ပတ်သက်လို့ မပျော်ရွှင်ဘူးဆိုရင်တော့ ကျွန်တော် ဒီကနေ ထွက်ခွာသွားဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ပါဘူး''ဟု မီဒီယာများအား ဖြေကြားခဲ့သည်။
အင်တာမီလန်အသင်းသည် နှစ်ပွဲဆက် ရမှတ်လျော့ခဲ့ပြီးနောက် ပြီးခဲ့သည့် တနင်္လာနေ့က တိုရီနိုအသင်းအား (၃-၁) ဂိုးဖြင့် ပြန်လည်အနိုင်ရခဲ့သည်။









