ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဝက်စ်ဟမ်းအသင်းကိုဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် တန်းဆင်းရန်သေချာသွားခဲ့သည့် နောဝစ်ချ်အသင်းသည် ပရီးမီးယားလိဂ်သမိုင်းတွင် တန်းဆင်းသည့် အကြိမ်အရေအတွက် အများဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။
နောဝစ်ချ်အသင်းသည် ယခု တစ်ကြိမ်အပါအဝင် ပရီးမီးယားလိဂ်မှ တန်းဆင်းသည့် အကြိမ်အရေအတွက်မှာ (၅)ကြိမ်အထိ ရှိလာခဲ့ပြီဖြစ်သည်။
၎င်းတို့သည် ယခင်က ခရစ္စတယ်ပဲလေ့စ်၊ မစ်ဒယ်ဘရော့၊ ဆန်းဒါးလန်း၊ ဝက်စ်ဘရွန်းတို့နှင့်အတူ (၄) ကြိမ်စီ တူညီနေရာမှ (၅)ကြိမ်တန်း ဆင်းဖူးသည့် တစ်သင်းတည်းသော အသင်းအဖြစ် မှတ်တမ်းဆိုးတင်ရှိခဲ့ခြင်းလည်းဖြစ်သည်။
အသင်းတန်းဆင်းခဲ့ပြီးနောက် နည်းပြ ဒန်နီယဲလ်ဖာ့ခ်က "တန်းဆင်းသွားခဲ့ပေမယ့် ကျွန်တော်တို့အသင်းရဲ့အခြေအနေက တည်တည်ငြိမ်ငြိမ်ပါပဲ။ ကျွန်တော်တို့မှာ ဘာငွေကြေး ပြဿနာမှ မရှိပါဘူး။ ပြီးတော့ လူငယ် ကစားသမားကောင်းတွေနဲ့ တောက်ပတဲ့အနာဂတ်လည်း ရှိပါတယ်။ ကျွန်တော်တို့ ပြန်လာခဲ့မှာပါ" ဟု ပြောကြားခဲ့သည်။









