ယခုရာသီ FA ဖလားချန်ပီယံဖြစ်သည့်အသင်း ဥရောပပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲသို့တက်ခဲ့ပါက ကွန်မြူနတီဒိုင်း အပြောင်းအလဲဖြစ်ဖွယ်ရှိ

ယခုရာသီ FA ဖလားချန်ပီယံဖြစ်သည့်အသင်း ဥရောပပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲသို့တက်ခဲ့ပါက ကွန်မြူနတီဒိုင်း အပြောင်းအလဲဖြစ်ဖွယ်ရှိ
Photo: FA
Photo: FA
Published 9 July 2020

ယခုရာသီ FA ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်းမှာ ဥရောပပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပါက လာမည့်ရာသီကြိုကစားမည့် ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ အပြောင်းအလဲဖြစ်ဖွယ်ရှိကြောင်း သိရသည်။

ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ ပရီးမီးယားလိဂ်ချန်ပီယံအသင်းနှင့် FA ဖလားချန်ပီယံအသင်းတို့ ယှဉ်ပြိုင်ခြင်းဖြစ်ရာ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းနှင့် ယှဉ်ပြိုင်ရမည့်အသင်းမှာ အပြောင်းအလဲဖြစ်ဖွယ်ရှိနေခြင်းဖြစ်သည်။ ယခုရာသီ ကွန်မြူနတီဒိုင်းပွဲစဉ်ကို သြဂုတ်(၃၀)ရက်နေ့၌ ကျင်းပရန်စီစဉ်ထားပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ သြဂုတ်(၂၁)ရက်တွင်လည်းကောင်း၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ သြဂုတ်(၂၃)ရက်တွင်လည်းကောင်း ကျင်းပမည်ဖြစ်သည်။ အကယ်၍ FA ဖလားချန်ပီယံအသင်းမှာ ဥရောပဗိုလ်လုပွဲအထိ တက်ခဲ့ပါက ပွဲများတောက်လျှောက်ကစားရမည်ဖြစ်၍ ကစားသမားများကို ရာသီသစ်မစတင်မီ အနားပေးရမည်ဖြစ်ရာ နောက်တစ်ပတ်အကြာတွင် ကစားမည့် ကွန်မြူနတီဒိုင်းပွဲစဉ်ကို ယှဉ်ပြိုင်ရန် ခက်ခဲဖွယ်ရှိနေသည်။

သို့ဖြစ်ရာ ယင်းအခြေအနေဖြစ်လာပါက FA ဖလားချန်ပီယံအသင်းနေရာတွင် အခြားအသင်းတစ်သင်းကို ဖိတ်ကြားပြီး အစားထိုးကာ ကွန်မြူနတီဒိုင်းပွဲစဉ်ကို ကျင်းပရဖွယ်ရှိကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ 

FA ဖလားပြိုင်ပွဲတွင် ချန်ပီယံလိဂ်၌ ယှဉ်ပြိုင်ဆဲဖြစ်သော မန်စီးတီးနှင့် ချယ်လ်ဆီး၊ ယူရိုပါလိဂ်၌ ယှဉ်ပြိုင်ဆဲဖြစ်သော မန်ယူတို့ ဆီမီးဖိုင်နယ် တက်ရောက်နေသည်။

Most Read

Most Recent