ပြီးခဲ့သည့်အင်္ဂါနေ့ကကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် အာဆင်နယ် (၁-၁) လက်စတာပွဲအပြီးတွင် အာဆင်နယ်အသင်းနည်းပြ အာတီတာက ယင်းပွဲမှဒိုင်လူကြီးအား ပြစ်တင်ဝေဖန်ခဲ့သည်။
ယင်းပွဲတွင် ပထမပိုင်း၌ အာဆင်နယ် နောက်ခံလူ မူစတာဖီ၏မျက်နှာကို ခြေထောက်ဖြင့် နောက်ပြန်ကန်ခဲ့သော လက်စတာတိုက်စစ်မှူး ဗာဒီကို ကွင်းလယ်ဒိုင် ကာဗာနေ့ချ်က အနီကတ်ပြထုတ်ပယ်ခဲ့ခြင်းမရှိသည်ကို အာတီတာက ဒေါသထွက်ခဲ့ခြင်းဖြစ်သည်။
ပထမပိုင်းပြီးခါနီးတွင် ဘောလုံးယှဉ်လုသော မူစတာဖီနှင့် ဗာဒီတို့မှာ မြက်ခင်းပြင်ပေါ်သို့ လဲကျခဲ့ပြီး မူစတာဖီ၏မျက်နှာကို ဗာဒီက တစ်ပတ်လည်၍ နောက်ပြန်ကန်ချက်ဖြင့် ကန်မိခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်ရပ်တွင် ဗာဒီအနေဖြင့် ပြိုင်ဘက်ကစားသမားကို ထိခိုက်စေလိုသည့်ရည်ရွယ်ချက်ရှိ၊ မရှိ ရှင်းလင်းစွာမသိရဘဲ ကွင်းလယ်ဒိုင်အနေဖြင့် VAR ကို ပြန်မကြည့်ဘဲ မည်သည့်အရေးယူမှုမှမပြုလုပ်ခဲ့ခြင်းအပေါ် အာတီတာက ဒေါသထွက်နေခြင်းဖြစ်သည်။
ကွင်းလယ်ဒိုင် ကာဗာနေ့ချ်သည် ဗာဒီမတော်တဆကန်မိခြင်းဖြစ်သည်ဟု ယူဆကာ ကွင်းဘေးရှိ VAR မော်နီတာကို ပြန်မကြည့်ခြင်း ဖြစ်နိုင်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
ဗာဒီသည် ယင်းဖြစ်ရပ်တွင် ထုတ်ပယ်ခံရသင့်ပြီး လက်စတာအသင်းမှာ ဒုတိယပိုင်းတွင်(၁၀)ယောက်ဖြင့် ကစားခဲ့သင့်ကြောင်း အာတီတာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ယင်းပွဲတွင် အာဆင်နယ်အသင်းအတွက် အူဘာမီယန်းက ပထမပိုင်း(၂၁)မိနစ်တွင် ဦးဆောင်ဂိုးသွင်းခဲ့ပြီး ဗာဒီက ပွဲပြီးခါနီး ပွဲချိန်(၈၄)မိနစ်တွင် လက်စတာအတွက် ချေပဂိုး သွင်းယူပေးနိုင်ခဲ့သည်။
ယင်းပွဲတွင် အာဆင်နယ်အသင်းအတွက် လူစားဝင်ကစားသော အင်္ဂလန်လူငယ်တိုက်စစ်မှူး အန်ကယ်တီယာမှာ ကွင်းထဲသို့ဝင်ရောက်လာပြီး (၄၈)စက္ကန့်အကြာတွင်ပင် အနီကတ်ပြခံရသည့်အတွက်လည်း အာတီတာက ပိုမိုဒေါသ ထွက်ခဲ့ခြင်းဖြစ်သည်။
အန်ကယ်တီယာသည် လက်စတာ နောက်ခံလူ ဂျိမ်းစ်ဂျက်စတင်ကို ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့သည်ဟုဆိုကာ ဒိုင်လူကြီးက VAR ရုပ်သံကို ပြန်ကြည့်ပြီး တိုက်ရိုက်အနီကတ်ပြကာ ထုတ်ပယ်ခဲ့သည်။
ကွင်းလယ်ဒိုင် ကာဗာနေ့ချ်သည် ယင်းဖြစ်ရပ်တွင် မူလက သာမန်ပြစ်ဒဏ်ဘောသာ ပေးခဲ့သော်လည်း VAR ၏ အကြံပြုချက်အရ ကွင်းဘေးစည်းရှိ VAR မော်နီတာကို သွားရောက်ကြည့်ရှုခဲ့ပြီး တိုက်ရိုက်အနီကတ်ပြကာ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်ရပ်မှာ ပွဲချိန်(၇၅)မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တစ်ယောက်လျော့ကစားခဲ့ရသော အာဆင်နယ်အသင်းမှာ နောက်(၉)မိနစ်အကြာတွင် လက်စတာအသင်းကို ချေပဂိုးပေးခဲ့ရသည်။









