သြဂုတ်လတွင် ပြန်လည်စတင်မည့် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲများအတွက် မဲခွဲပွဲကို သောကြာနေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းပြိုင်ပွဲနှစ်ခု၏ ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် မဲခွဲပွဲ ပြုလုပ်မည်ဖြစ်သလို၊ နောက်ဆုံးဗိုလ်လုပွဲတွင် အိမ်ရှင်အသင်း(အိမ်ကွင်းဝတ်စုံ ဝတ်ဆင်ခွင့်ရမည့်အသင်း)ကိုလည်း ရွေးချယ်မည်ဖြစ်သည်။
သို့သော် ပြိုင်ပွဲနှစ်ခုစလုံးမှာ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်အချို့ ယှဉ်ပြိုင်ကစားရန် ကျန်ရှိနေသေးပြီး ယင်းပွဲစဉ်များ ယှဉ်ပြိုင်ရမည့်ကွင်းကိုလည်း သောကြာနေ့တွင် အတည်ပြုဆုံးဖြတ်ဖွယ်ရှိကြောင်း သိရှိရသည်။
ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ဒုတိယအကျော့လက်ကျန်ပွဲများကို မူလက ပေါ်တူဂီနိုင်ငံတွင်ပင် ယှဉ်ပြိုင်ကစားစေရန် စီစဉ်ထားသော်လည်း ယခုအခါ ၎င်းတို့၏ အိမ်ကွင်းများတွင်ပင် ယှဉ်ပြိုင်ခွင့်ပြုဖွယ်ရှိကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။
ထို့ကြောင့် မန်စီးတီး-ရီးယဲလ်ပွဲကို မန်ချက်စတာမြို့တွင်ပင် ယှဉ်ပြိုင်ရဖွယ်ရှိနေကြောင်း သိရှိရသည်။
ယခုရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို သြဂုတ်(၂၃)၊ ယူရိုပါလိဂ်ဗိုလ်လုပွဲကို သြဂုတ်(၂၁)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။









