စျေးကွက်တွင် ယခုရာသီအင်္ကျီများ ရောင်းကုန်ခါနီး၍ ထပ်မံထုတ်လုပ်ရန် လီဗာပူးလ်အသင်း စီစဉ်ခဲ့သော်လည်း အင်္ကျီစပွန်ဆာကုမ္ပဏီ လက်မခံ

စျေးကွက်တွင် ယခုရာသီအင်္ကျီများ ရောင်းကုန်ခါနီး၍ ထပ်မံထုတ်လုပ်ရန် လီဗာပူးလ်အသင်း စီစဉ်ခဲ့သော်လည်း အင်္ကျီစပွန်ဆာကုမ္ပဏီ လက်မခံ
Photo: LiverpoolFC
Photo: LiverpoolFC
Published 6 July 2020

ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့သော လီဗာပူးလ်အသင်း၏ (ယခုရာသီ)အင်္ကျီများမှာ စျေးကွက်တွင် လက်ကျန်ကုန်ခါနီးအထိ ရောင်းချခဲ့ရကြောင်း သိရှိရသည်။ 

ယခုရာသီ လီဗာပူးလ်အသင်းအင်္ကျီ (၁.၇)သန်းအထိ ရောင်းချခဲ့ရပြီး ယင်းမှာ အသင်းအတွက် စံချိန်တစ်ခု ဖြစ်ခဲ့ကြောင်း သိရှိရသည်။ 

လီဗာပူးလ်အသင်းသည်  လက်ရှိအသင်းနည်းပြ ယာဂန်ကလော့ပ်၏လက်ထဲတွင် ရလဒ်ကောင်းများနှင့် ဆုဖလားအောင်မြင်မှုများ ပြန်လည်ရရှိလာခဲ့ပြီး နောက်ဆုံး(၃)ရာသီဆက်တိုက် အင်္ကျီရောင်းချရမှုမှာလည်း တစ်ရာသီပြီးတစ်ရာသီ စံချိန်တင်ခဲ့ကြောင်း သိရှိရသည်။

ယခုနှစ်ဘောလုံးရာသီတွင် အသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့သဖြင့် ယခုရာသီအင်္ကျီရောင်းအားမှာ  အလွန်ကောင်းခဲ့ပြီး ပြီးခဲ့သည့်ရာသီက စံချိန်(၁.၁၃)သန်းကို ကျော်ဖြတ်ကာ (၁.၇)သန်းအထိ ရောင်းချခဲ့ရခြင်း ဖြစ် သည်။ 

စျေးကွက်တွင် အင်္ကျီဝယ်လိုအားရှိနေဆဲဖြစ်၍ လီဗာပူးလ်အသင်းတာဝန်ရှိသူများက အင်္ကျီစပွန်ဆာကုမ္ပဏီဖြစ်သော New Balance ကို အင်္ကျီများထပ်မံထုတ် လုပ်ပေးရန် တောင်းဆိုခဲ့သည်။ 

သို့သော် New Balance ကုမ္ပဏီက လီဗာပူးလ်အသင်း၏တောင်းဆိုမှုကို လက်မခံဘဲ ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရှိရသည်။ 

လီဗာပူးလ်အသင်းနှင့် New Balance ကုမ္ပဏီတို့သည် ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး New Balance ၏နေရာ၌ နာမည်ကျော် Nike ကုမ္ပဏီက အစားထိုးဝင် ရောက်လာမည်ဖြစ်သည်။ 

လီဗာပူးလ်အသင်းနှင့် Nike ကုမ္ပဏီတို့ ချုပ်ဆိုထားသောစာချုပ်မှာ ယခုနှစ် ဇွန်လ(၁) ရက်နေ့တွင် စတင်မည်ဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့် ယခုရာသီကို အဆုံးမသတ်နိုင်သေးရာ စာချုပ်စတင်မည့်နေ့ရက်အား (၂)လ ရွှေ့ဆိုင်းထားပြီး သြဂုတ်(၁)ရက်နေ့မှ စတင်မည်ဖြစ်ကြောင်း သိရှိရသည်။ 

New Balance ကုမ္ပဏီသည် မူလက လီဗာပူးလ်အသင်းနှင့် အင်္ကျီစပွန်ဆာစာချုပ်ကို ထပ်မံသက်တမ်းတိုး ရန်ရည်ရွယ်ခဲ့ပြီး၊ Nike ကို အစားထိုးရန် စီစဉ်ထားသည့် လီဗာပူးလ်အသင်းက လက်မခံသောကြောင့် နှစ်ဦးနှစ်ဖက် အငြင်းပွားခဲ့သည်။ 

 ပြီးခဲ့သည့်နှစ်အတွင်း ယင်းပြဿနာအတွက် တရားရုံးသို့တက်ရောက်ကာ အဆုံးအဖြတ်ခံယူခဲ့ရပြီး Nike နှင့် လက်တွဲလိုသည့် လီဗာပူးလ်အသင်းက အနိုင်ရရှိခဲ့သည်။ 

သို့ဖြစ်ရာ စပွန်ဆာစာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် New Balance နှင့် လီဗာပူးလ်အသင်းအကြား ဆက်ဆံရေးမှာ အစိုင်အခဲများရှိခဲ့ပြီး ယခု လီဗာပူးလ်အသင်း၏ တောင်းဆိုမှုကို New Balance က ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ 

Most Read

Most Recent