ဘိုင်ယန်မြူးနစ်အသင်းသည် မန်စီးတီးအသင်း တောင်ပံကစားသမား ဆာနေးနှင့် (၅)နှစ်စာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး အတည် ပြုကြေညာခြင်းမပြုမီ ဓာတ်ပုံများ ကြိုတင် ပေါက်ကြားခဲ့ခြင်းအတွက် ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် အသက် (၂၄) နှစ်အရွယ် ဂျာမနီလက်ရွေးစင်ကစားသမားကို ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ဇူလိုင် (၃) ရက် မွန်းလွဲမှသာ အတည်ပြုထုတ်ပြန်သော်လည်း ဘိုင်ယန်မြူးနစ်ဂျာစီဝတ်ဆင်ထား သည့် ဓာတ်ပုံများမှာ နံနက်အစောပိုင်းက တည်းက လူမှုမီဒီယာများတွင် ထွက်ပေါ်နေ ခြင်းဖြစ်သည်။ ယင်းဓာတ်ပုံများမှာ အာရဗီ ဘာသာဖြင့်ရေးသားသည့် ဘိုင်ယန်မြူးနစ် ဝက်ဘ်ဆိုက်မှတစ်ဆင့် ကြိုတင်ပေါက်ကြား ခြင်းဖြစ်ကြောင်း အတည်ပြုခဲ့ပြီး နာရီပိုင်း အကြာမှာပင် လူမှုမီဒီယာများတွင် ပျံ့နှံ့သွား ခဲ့သည်။ ဘိုင်ယန်မြူးနစ်အသင်းသည် ဆာ နေးအတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် (၄၅) သန်းနှင့် add-ons ကြေး ပေါင် (၁၀) သန်း ပေးချေရမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်အထိ သက် တမ်းရှိသည့် (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။
၎င်းနှင့် စာချုပ်လက်မှတ်ရေးထိုးပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းက ''အသက် (၂၄) နှစ် အရွယ် ကစားသမားအနေဖြင့် ၂၀၂၅ ခုနှစ် ဇွန် (၃၀) ရက်အထိ သက်တမ်းရှိသည့် (၅)နှစ် စာချုပ်လက်မှတ်ရေးထိုးခဲ့ပြီး လာမည့်တစ်ပတ်မှစ၍ ရာသီသစ်အတွက် ပြင်ဆင်မှုများ ကို မြူးနစ်တွင် စတင်ပြုလုပ်သွားမည်ဖြစ်သည်'' ဟု ထုတ်ပြန်ခဲ့သည်။









