အင်္ဂလန်လက်ရွေးစင်အသင်း၏နည်းပြဖြစ်သူ ဆောက်ဂိတ်သည် ပရီးမီးယားလိဂ်ပွဲစဉ်များ ပြန်လည်စတင်ပြီဖြစ်သော်လည်း ကွင်းအတွင်း လိုက်လံကြည့်ရှုခြင်းမရှိသေးဘဲ Work from Home သာ စောင့် ကြည့်နေကြောင်း သိရှိရသည်။
ပရီးမီးယားလိဂ်အဖွဲ့ချုပ်၏ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ခြင်း စည်းမျဉ်းများအရ ပွဲစဉ်များကို ကွင်းပိတ်ကစားနေသော်လည်း ဆောက်ဂိတ်သည် ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ရသူအနည်းငယ်ထဲတွင် ပါဝင်နေသူ ဖြစ်သည်။ သို့ရာတွင် ဆောက်ဂိတ်နှင့် လက်ထောက်နည်းပြဖြစ်သူ စတိဗ်ဟော်လန်တို့သည် ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခြင်းကို ပြုလုပ်ဦးမည် မဟုတ်ကြောင်း ကြေညာထားပြီး Analysis suite ဟု အမည်ရသည့် ကင်းထောက် Software တစ်ခုကိုသုံးကာ အိမ်တွင်သာ ဘောလုံးပွဲများကို ကြည့်ရှုလျက်ရှိသည်။
ဆောက်ဂိတ်သည် FA ၏ ဝင်ငွေအခက်အခဲကြောင့် လစာငွေ (၃၀)ရာခိုင်နှုန်းလျှော့ယူရန် သဘောတူခဲ့ပြီး ယခုအချိန်တွင် ယော့ခ်ရှိုင်းယားဒေသရှိ ၎င်း၏ နေအိမ်တွင်သာ ဆက်လက်အလုပ်လုပ်ကိုင်နေခြင်းလည်းဖြစ်သည်။
စတိဗ်ဟော်လန်ကမူ လန်ဒန်ရှိနေအိမ်တွင်သာ ဘောလုံးပွဲများကြည့်ပြီး ၎င်းတို့နှစ်ဦးသည် Microsoft Teams Calls များကို အသုံံးပြုကာ ပုံမှန်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်ဟုလည်း မီဒီယာများက ဖော်ပြခဲ့ကြသည်။









