ဂျူဗင်တပ်စ်အသင်းနည်းပြ ဆာရီနှင့် တိုက်စစ်မှူး စီရော်နယ်လ်ဒိုအကြား အကွဲအပြဲဇာတ်လမ်း စတင်ဖြစ်ပေါ်လာပြီး ဆာရီ ၏ နည်းစနစ်ပိုင်းကို စီရော်နယ်လ်ဒို၏အစ်မ ဖြစ်သူ အယ်လ်မာအေဗီရိုက ဝေဖန်ပြစ်တင် ခဲ့ကြောင်း သိရသည်။
ဂျူဗင်တပ်စ်အသင်းသည် ဒီဇင်ဘာလအတွင်းက အီတလီစူပါဖလားပြိုင်ပွဲတွင် လာဇီယိုအသင်းကို ရှုံးနိမ့်ခဲ့သလို ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲတွင်လည်း နာပိုလီ အသင်းကို ပယ်နယ်တီဖြင့် ရှုံးနိမ့်ခဲ့သော ကြောင့် စီရော်နယ်လ်ဒိုအတွက် ကစားသမား ဘဝ ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲနှစ် ကြိမ်ဆက် ရှုံးနိမ့်မှုနှင့်ရင်ဆိုင်ခဲ့ရသည်။
သို့ဖြစ်ရာ ၎င်း၏အစ်မ အယ်လ်မာက ''မင်း ဘာများ ထပ်လုပ်နိုင်ဦးမှာလဲ။ ငါချစ်ရတဲ့ မင်းက ကိုယ်တိုင်အံ့အားသင့်စရာကောင်းတဲ့အရာတွေ မလုပ်ပြနိုင်ခဲ့ဘူး။ ဒီလိုပုံစံမျိုးနဲ့ မင်း ဘယ်လိုကစားနိုင်လဲဆိုတာ ငါနားမလည် ဘူး။ ဘာပဲဖြစ်ဖြစ် မင်းရဲ့ခေါင်းကိုမော့ထား ပါ။ မင်းဒီထက်ပိုပြီး ဘာမှလုပ်လို့မရဘူး'' ဟု Instagram တွင် ရေးသားခဲ့ခြင်းဖြစ်သည်။
ဆာရီကလည်း စီရော်နယ်လ်ဒိုအနေ ဖြင့် ဒီဘားလား၊ ဒူးဂလပ်စ်ကော်စတာတို့ ကဲ့သို့ပင် ထက်မြက်မှုပျောက်ဆုံးနေကြောင်း ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ဝေဖန်ပြော ကြားခဲ့သည်။ ဆာရီအပေါ် ကစားသမားများ နှင့် ပရိသတ်များက ယုံကြည်မှုကျဆင်းနေပြီး ၎င်း၏အနာဂတ်မှာလည်း လှုပ်ခတ်လာပြီဖြစ်ကြောင်း Gazzetta dello Sport သတင်းစာက ဇွန် (၁၉) ရက်တွင် မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့သည်။











