မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာက ၂၀၁၉-၂၀ ရာသီ လက်ကျန်ချန်ပီယံလိဂ်ပွဲစဉ်ဇယားများ ထွက်ပေါ်လာပြီးနောက် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ကစားရမည့် လက်ကျန်ရှုံးထွက်ပွဲစဉ်ကို ရွှေ့ဆိုင်းခွင့်ရလိုသည် ဟု ပြောကြားခဲ့သည်။
UEFA သည် ချန်ပီယံလိဂ်လက်ကျန်ပွဲစဉ်များကို သြဂုတ်လအတွင်း ယှဉ်ပြိုင်ကစားရန် ဆုံးဖြတ်ခဲ့ပြီး မန်စီးတီးအသင်းအိမ်ကွင်းအဖြစ် လက်ခံကျင်းပရမည့် ဒုတိယ အကျော့ပွဲစဉ်ကိုလည်း အီတီဟတ်ကွင်းတွင် ကစားရမည့်အစား ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့တွင် ယှဉ်ပြိုင်ရန်အတွက် စီစဉ်ထားသည်။
အကြောင်းအရင်းမှာ လက်ကျန်ချန်ပီယံလိဂ်ပြိုင်ပွဲအား ယခင်ကဲ့သို့ အိမ်ကွင်း-အဝေးကွင်း စနစ်အစား ကမ္ဘာ့ပြိုင်ပွဲပုံစံ ကျင်းပမည်ဖြစ်ပြီး ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြိုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
မန်စီးတီးအသင်းကဲ့သို့ပင် ဘိုင်ယန်မြူးနစ်-ချယ်လ်ဆီး၊ ဂျူဗင်တပ်စ်-လိုင်ယွန်၊ ဘာစီလိုနာ-နာပိုလီပွဲစဉ်များကိုလည်း ပေါ်တူဂီနိုင်ငံတွင်သာ ကစားမည်ဖြစ်ပြီး သြဂုတ်လ (၇၊ ၈) နေ့များတွင် ကစားသွားစေမည် ဖြစ်သည်။
ယင်းအဓိပ္ပာယ်မှာ ပထမအကျော့ကို အဝေးကွင်းပရိသတ်များရှေ့တွင် ကစားထားရသည့် အသင်းအနေဖြင့် ဒုတိယအကျော့တွင် နစ်နာမှုများရှိလာမည်ဖြစ်ပြီး အထူးသဖြင့် မက်ဒရစ်မြို့မှ လေယာဉ်ခရီးစဉ် (၁)နာရီသာကြာသည့် အကွာအဝေးတွင် ရှိနေသည့်ကွင်းတွင် ကစားရခြင်းက မန်စီးတီးအတွက် ပိုမိုအခက်အခဲများရှိနိုင်သည်ဟု ဂွါဒီယိုလာက ယူဆနေခြင်းလည်းဖြစ်သည်။
ဂွါဒီယိုလာက "တကယ့်အဖြစ်မှန်ကတော့ ကျွန်တော်တို့အသင်းဟာ ပထမအကျော့ပွဲစဉ်ကို အဝေးကွင်းမှာ ခက်ခက်ခဲခဲအနိုင်ယူခဲ့ရပြီး၊ ဒုတိယအကျော့ကိုလည်း ချန်ပီယံလိဂ်ရဲ့ ဘုရင်လို့ ပြောလို့ရတဲ့ အသင်းနဲ့ ဆက်ကစားရဦးမှာပါ။ ဒီပွဲဟာ ဘာမဆိုဖြစ်သွားနိုင်ပါသေးတယ်။ ပေါ်တူဂီကိုသွားရတာက ပျော်စရာဆိုပေမယ့် မက်ဒရစ်အတွက် အကောင်းဆုံးနေရာပါပဲ။ ဖြစ်နိုင်ရင်တော့ ဒီပွဲစဉ်ဇယားကို ရွှေ့ဆိုင်းခွင့် ရချင်ပါတယ်" ဟု ပြောကြားခဲ့သည်။










