ရှက်ဖီး၏သွင်းဂိုး ဂိုးစည်းကျော်ခဲ့သော်လည်း Goal line နည်းပညာ၏ အမှားကြောင့် ဂိုးမရခဲ့ခြင်းအတွက် Hawk-eye ပြန်လည်တောင်းပန်

ရှက်ဖီး၏သွင်းဂိုး ဂိုးစည်းကျော်ခဲ့သော်လည်း Goal line နည်းပညာ၏ အမှားကြောင့် ဂိုးမရခဲ့ခြင်းအတွက် Hawk-eye ပြန်လည်တောင်းပန်
Photo: Getty Images
Photo: Getty Images
Published 19 June 2020

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ဂိုးလိုင်းနည်းပညာအတွက် အထောက် အပံ့ပေးနေသည့် Hawk-eye သည် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲကြောင့် မှားယွင်းသည့် ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့ခြင်းအပေါ် ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရှိရသည်။

အက်စတွန်ဗီလာနှင့် ရှက်ဖီးယူနိုက်တက်အသင်းတု့ိ ကစားခဲ့သည့်ပွဲတွင် အက်စတွန်ဗီလာအသင်း၏ ဂိုးသမား အော်ယန်နီလန်းသည် ဘောလုံးကို ဖမ်းလျက်သားဂိုးစည်းကို ကျော်သွားခဲ့သည်။

သို့ရာတွင် ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာသည် ဘောလုံးက ဂိုးစည်းကို ကျော်လွန်သွားခဲ့ကြောင်း အချက်ပေးမှုကို မရရှိခဲ့သဖြင့် သွင်းဂိုးအဖြစ် အသိအမှတ်မပြုခဲ့ချေ။

အမှန်တကယ်အားဖြင့် ယင်းဘောလုံးသည် ဂိုးစည်းအတွင်း ဝင်ခဲ့သလို၊ ရှက်ဖီးယူနိုက်တက်အသင်း၏ နည်းပြဖြစ်သူ ခရစ္စဝိုင်လ်ဒါကလည်း "ဂိုးသမားဟာ ဘောလုံးကို ဖမ်းထားရင်းနဲ့ ဂိုးစည်းထဲဝင်သွားခဲ့တယ်လို့ အဲ့ဒီအချိန်ကတည်းက ကျွန်တော်ထင်ခဲ့ပါတယ်။ စိတ်ပျက်စရာပဲ" ဟု ပြောကြားခဲ့သည်။

Hawk-eye ကုမ္ပဏီသည် ယင်းနည်းပညာအကူအညီဖြင့် မှန်ကန်သည့် ဆုံးဖြတ်ချက်အကြိမ် (၉၀၀၀) ကျော်ချမှတ်ခဲ့ပြီးဖြစ်ကာ ယခုတစ်ကြိမ်တွင် ပထမဆုံးနည်းပညာအခက်အခဲ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကာ ပရီးမီးယားလိဂ်ကိုရော၊ နစ်နာခဲ့သည့်အသင်းကိုပါ တောင်းပန်လိုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

နည်းပညာအပေါ် ယုံကြည်မှုကြောင့် ပရီးမီးယားလိဂ်ဒိုင်အဖွဲ့ချုပ်က စည်းကြပ်ဒိုင်များအား ဂိုးလိုင်းနည်းပညာ၏ ဆုံးဖြတ်ချက်ကို ဝင်ရောက်စွက်ဖက်ခွင့်မပေးထားခြင်းကြောင့် ဒိုင်က ဂိုးဝင်သည်ဟု ယူဆလျှင်ပင် အသိပေးခွင့်မရှိချေ။

Most Read

Most Recent