မန်စီးတီးအသင်း၏ စပိန်လူမျိုးနောက်ခံလူ အဲရစ်ဂါစီယာသည် အာဆင်နယ်အသင်းနှင့်ပွဲတွင် ရရှိခဲ့သည့် ဒဏ်ရာကြောင့် ဆေးရုံသို့ ချက်ချင်းတင်ပို့ခဲ့ရပြီး အလွန်စိုးရိမ်နေသည်ဟု အသင်းနည်းပြ ဂွါဒီယိုလာက ပြော ကြားခဲ့သည်။
အသက်(၁၉)နှစ်အရွယ်သာရှိသေးသည့် လူငယ်ကြယ်ပွင့် အဲရစ်ဂါစီယာသည် ယင်းပွဲတွင် အသင်း၏ ဂိုးသမားဖြစ်သူ အီဒါဆင်နှင့် တိုက်မိကာ လည်ပင်းတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ကွင်းအတွင်း လဲကျသွားခဲ့သည်။
၎င်းအား ကွင်းအတွင်း မိနစ်အတန်ကြာ ရှေးဦးကုသမှု ပြုလုပ်ခဲ့ပြီးနောက် ဆေးရုံသို့ တင်ပို့ခဲ့ရခြင်းလည်းဖြစ်သည်။

"သူ သတိရနေပြီး ကွင်းထဲကအထွက်မှာ ကျွန်တော့်ကို တုံ့ပြန်မှု ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒဏ်ရာအခြေအနေက ပြင်းထန်နိုင်ပြီး ကျွန်တော်စိုး ရိမ်နေဆဲပါပဲ။ နောက် (၃၊ ၄) နာရီလောက်ကြာရင်တော့ အခြေအနေအသေးစိတ်ကို သိရမယ်လို့ ထင်ပါတယ်"ဟု ဂွါဒီယိုလာက ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။










