ဘူးသီးတောင်မြို့နယ်၌ ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်ဝင်ရောက်လာသူ တစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ထပ်မံတွေ့ရှိခဲ့ပြီးနောက် မောင်တောခရိုင်အတွင်း ပိုးတွေ့လူနာခြောက်ဦး ရှိလာသဖြင့် စိုးရိမ်ဖွယ်ရာအခြေအနေ ဖြစ်လာကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ဇွန် ၁၄ ရက်အတွက် COVID – 19 ဓာတ်ခွဲစစ်ဆေးချက်ကို ဇွန် ၁၅ ရက် နံနက်ပိုင်းက ထုတ်ပြန်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခရီးသွားရာဇဝင်ရှိသည့် ဘူးသီးတောင်မြို့နယ်မှ ၆၃ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် COVID – 19 ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါပိုးတွေ့လူနာအမှတ် ၂၆၂ မှာ ဆီးချို၊ သွေးချိုနှင့် C ပိုးရောဂါ ခံစားနေရသူ ၆၃ နှစ်အရွယ် ဘင်္ဂါလီအမျိုးသားတစ်ဦးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ဆေးကုသမှု ခံယူသူဟု သိရှိရသဖြင့် ၎င်းနေထိုင်ရာ ဘူးသီးတောင်မြို့ သပြေကုန်းရပ်ကွက်ရှိ နေအိမ်တွင် Home Quarantine ထားရှိ အသွားအလာ စောင့်ကြည့်ထားသူဖြစ်ကြောင်းလည်း သိရသည်။
၎င်းပိုးတွေ့လူနာအား ဘူးသီးတောင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ၎င်း၏မိသားစုဝင် ငါးဦးအပြင် ၎င်းနှင့်ထိတွေ့ခဲ့သူများကို စုံစမ်းကာ မောင်တောမြို့နယ် လှဖိုးခေါင် Quarantine စခန်းသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
မောင်တောမြို့နယ်အတွင်း ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်ဝင်ရောက်လာသူ ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း ဇွန် ၄ ရက် နံနက်ပိုင်းက ထုတ်ပြန်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဇွန် ၈ ရက်တွင် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် လည်းကောင်း၊ ဇွန်၁၀ ရက်တွင် ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်းနှစ်ဦးတွင်လည်းကောင်း ပိုးတွေ့ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
အလားတူ ဘူးသီးတောင်မြို့နယ်တွင် ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်ဝင်ရောက်လာသူ ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း ဇွန် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် မောင်တောခရိုင်တွင် COVID – 19 ပိုးတွေ့လူနာ ခြောက်ဦးအထိရှိလာပြီး လူနာလေးဦးကို မောင်တောခရိုင် ပြည်သူ့ဆေးရုံတွင်လည်းကောင်း၊ ပိုးတွေ့လူနာနှစ်ဦးကို ဘူးသီးတောင်ပြည်သူ့ဆေးရုံတွင် လည်းကောင်း ကုသပေးလျက်ရှိပြီး ၎င်းတို့နှင့်ထိတွေ့ခဲ့သူ လူ ၉၀ ကျော်ကိုလည်း လှဖိုးခေါင်စခန်းတွင် အသွားအလာကန့်သတ် စောင့်ကြည့်ထားကြောင်း သိရသည်။
ယခုအချိန်သည် မောင်တောမြို့နယ် အနေဖြင့် COVID – 19 ရောဂါသည် စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိနေ၍ COVID – 19 ရောဂါအတွက် ထုတ်ပြန်ထားသော စည်းကမ်းချက်များအား အတိအကျလိုက်နာကြရန်၊ လိုက်နာရန်နှင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကာ ရာဇသတ်ကြီးပုဒ်မ ၂၆၉ အရ ထောင်ဒဏ်ခြောက်လကိုလည်းကောင်း၊ ငွေဒဏ်ကိုသော်လည်းကောင်း၊ ဒဏ်နှစ်ရပ်လုံးကိုသော်လည်းကောင်း ကျခံရမည်ဖြစ်ပြီး ရာဇသတ်ကြီး ပုဒ်မ ၂၇၀ အရ ထောင်ဒဏ်နှစ်နှစ်ကို လည်းကောင်း၊ ငွေဒဏ်ကိုသော်လည်းကောင်း၊ ဒဏ်နှစ်ရပ်လုံးကိုသော်လည်းကောင်း ကျခံရမည်ဖြစ်ကြောင်း ခရိုင်အဆင့် COVID – 19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (မောင်တော) က အများပြည်သူသိရှိရန် အသံချဲ့စက်ဖြင့် လိုက်လံကြေညာမှုများရှိခဲ့သည်။
အများပြည်သူများအနေဖြင့် ပြည်ပမှ မိမိမြို့နယ်အတွင်းသို့ ဝင်ရောက်လာသူများရှိပါက ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ အချိန်မီသတင်းပို့တင်ပြရန် ကြေညာထားသည်။
ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံအတွင်းသို့ မောင်တောနယ်စပ်မှတစ်ဆင့် နယ်စပ်ဖြတ်ကျော် တရားမဝင် ခိုးဝင်လာသူများအား ထိရောက်စွာ တားဆီးနိုင်ခြင်း မရှိဖြစ်နေကြောင်း မောင်တောဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
ထို့ပြင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူများအား ဥပဒေနှင့်အညီ အရေးယူပေးရေးနှင့် နယ်စပ်လုံခြုံရေး တာဝန်ကျသူများအား တာဝန်လစ်ဟင်းမှုအတွက် အရေးယူပေးရေး အပါအဝင် အချက်လေးချက်ကို ဇွန် ၁၂ ရက် မွန်းလွဲပိုင်းက မောင်တောမြို့တွင် ဦးစိန်လှဖြူ ဦးဆောင်သော လူလေးဦးက တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့သည်။
“အခု မောင်တောမှာ ဆက်တိုက်ပိုးတွေ့ လူနာတွေ ပေါ်နေတယ်။ တော်တော်ကို စိုးရိမ်ရတဲ့ အနေအထားဖြစ်နေပြီ။ ဘယ်သူတွေမှာ ပိုးရှိနေမှန်း မသိနိုင်ဘူး။ အခုပိုးတွေ့တဲ့သူ အားလုံးဟာ ဘင်္ဂလားဒေ့ရှ်ကနေ ဝင်လာသူတွေ ဖြစ်တယ်။ တရားမဝင်ဆိုပေမဲ့ ကူးတို့လှေတွေရှိမယ်။ ပိုက်ဆံပေးလို့ ဝင်တာလည်း ရှိနိုင်တယ်။ ဒါကြောင့် ခိုးဝင်လာသူတွေကိုရော၊ ငွေယူပြီး သွင်းတဲ့သူတွေကိုရော စုံစမ်းဖော်ထုတ် အရေးယူဖို့လိုမယ်။ ဒါမှ ခိုးဝင်တွေကို တားဆီးနိုင်မယ်။ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်က ဝင်လာပြီး မောင်တောကိုဖြတ်သွားပြီးမှ ဘူးသီးတောင်မှာ ပိုးတွေ့တဲ့သူတွေ ရှိနေတယ်။သူတို့ဝင်လာတဲ့လမ်းကြောင်းမှာ ထိတွေ့ခဲ့တဲ့ သူတွေက အများကြီးရှိနိုင်တယ်။ ထိတွေ့ခဲ့တဲ့ လူတွေက ကိုယ့်အိမ်မှာပဲ နေမှာမဟုတ်ဘူး။ စျေးကိုလည်းရောက်မယ်။ သူလျှောက်သွားတဲ့ နေရာတိုင်းမှာ ထိတွေ့သူတွေရှိမယ်။ ဒါကြောင့် တော်တော်စိုးရိမ်စရာ ကောင်းတယ်” ဟု မောင်တောမြို့ခံ ဦးစိန်လှဖြူက ဆိုသည်။















