လီဗာပူးလ်အသင်း၏ ပိုင်ရှင် ဖြစ်သူ ဂျွန်ဟင်နရီနှင့် FSG Group မှ တာဝန်ရှိသူများသည် နှစ် (၃၀)ကြာအတွင်း ပထမဆုံးအကြိမ် အမှတ်ပေးချန်ပီယံဖလားရနိုင်သည့်ပွဲကို ကွင်းအတွင်း လာရောက်ကြည့်ရှုခွင့်ရမည် မဟုတ်ကြောင်း သိရသည်။
ဗြိတိန်အစိုးရက ပြည်ပမှ ဝင်ရောက်လာမည့်သူများအနေဖြင့် Isolate (သီးခြားနေထိုင်ခြင်း) ကို (၁၄) ရက်ကြာ မဖြစ်မနေပြုလုပ်ရမည်ဟု အမိန့်ထုတ်ထားရာ ဂျွန်ဟင်နရီနှင့် FSG Group မှ တာဝန်ရှိသူများသည် ယခုအချိန်ကတည်းက အမေရိကမှ ဗြိတိန်သို့ လာရောက်မည်ဆိုလျှင်ပင် အဲဗာတန်အသင်းနှင့်ကစားမည့် ပွဲစဉ်ကို ကြည့်ရှုရန် မီနိုင်မည်မဟုတ်ချေ။
လီဗာပူးလ်အသင်းသည် အဲဗာတန်အသင်းကို အနိုင်ရပါက အမှတ်ပေးချန်ပီယံဖလား ရရှိရန်အတွက်မှာမူ ယင်းပွဲမတိုင်မီ (၄)ရက်အလိုတွင် ကစားမည့် မန်စီးတီး-အာဆင်နယ်ပွဲအပေါ် မူတည်နေပြီး မန်စီးတီးအသင်းက အနိုင်ရရှိခဲ့လျှင်မူ အဲဗာတန်နှင့်ကစားမည့်ပွဲသည် အမှတ်ပေးချန်ပီယံဆုအတွက် သေချာသည့်အဖြေ ထွက်ပေါ်လာဦးမည်မဟုတ်ကြောင်းလည်း သိရှိရသည်။
The Times သတင်းစာ၏ အဆိုအရမူ ဂျွန်ဟင်နရီနှင့် FSG မှ တာဝန်ရှိသူများသည် ဇွန်လ (၂၁)ရက်နေ့တွင် ကစားမည့် ယင်းပွဲကို အမီလာရောက်နိုင်သော်လည်း သီးခြားနေထိုင်ရမည့်ရက်အတွင်း ကျရောက်နေသည့်အတွက် ဇွန် (၂၄)ရက်နေ့တွင် ကစားမည့် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ပွဲစဉ်အမီသာ လာရောက်လိမ့်မည်ဟု ဆိုခဲ့သည်။
လီဗာပူးလ်အသင်းသည် လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် မန်စီးတီးအသင်းကို (၂၅)မှတ်ဖြတ်ကာ ဦးဆောင်လျက်ရှိသည်။










