မန်စီးတီးအသင်းသည် ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် (၂)နှစ်ပိတ်ပင်ခံထားရခြင်းအပေါ် နိုင်ငံတကာအားကစားခုံရုံး(CAS)ထံ အယူခံတင်သွင်းထားရာ ယင်းအတွက် ဆုံးဖြတ်ချက်ကို ဇူလိုင်လတွင် ကြေညာဖွယ်ရှိသည်ဟု CAS ၏ အထွေထွေအတွင်းရေးမှူး မက်သယူးရိဘ်က ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)၏ ဘဏ္ဍာရေးစည်းမျဉ်းကို ချိုးဖောက်ခဲ့သည့်အတွက် ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် (၂)နှစ်ပိတ်ပင်သည့်ပြစ်ဒဏ်နှင့်အတူ ဒဏ်ငွေပေါင်(၂၅)သန်း ချမှတ်ခံထားရခြင်းဖြစ်သည်။
ယင်းပြစ်ဒဏ်အတိုင်း ကျခံရမည်ဆိုပါက မန်စီးတီးအသင်းမှ ထိပ်တန်းကစားသမားများသည် အသင်းကို စွန့်ခွာဖွယ်ရှိနေကြောင်း သိရှိရသည်။
ထို့ကြောင့် မန်စီးတီးအသင်းက CAS ထံ အယူခံဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ အယူခံတင်သွင်းမှုကို ယနေ့ စတင်ကြားနာနေပြီဖြစ်ကြောင်းလည်း သိရှိရသည်။
CAS သည် မန်စီးတီးအသင်း၏ အယူခံကို Video Conference ပုံစံဖြင့် စတင်ကြားနာခြင်းဖြစ်ပြီး ဇွန်(၈၊ ၉၊ ၁၀) (၃)ရက်ကြာမြင့်မည်ဖြစ်သည်။
မက်သယူးရိဘ်က Video Conference ဖြင့် ကြားနာမှုကို စတင်ပြုလုပ်နေပြီဖြစ်ကြောင်းနှင့် ဆုံးဖြတ်ချက်ကို ဇူလိုင်လအတွင်း ကြေညာနိုင်ဖွယ်ရှိကြောင်း ဆိုခဲ့သည်။
မန်စီးတီးအသင်း၏ တာဝန်ရှိသူများသည် ပြစ်ဒဏ်မှ ကွင်းလုံးကျွတ်လွတ်မြောက်ရန်ထက် (၂)နှစ်မှ (၁)နှစ်သို့ လျှော့ချပေးရန် မျှော်လင့်ကြိုးစားနေခြင်းဖြစ်ဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက သုံးသပ်နေကြသည်။










