ဗာနာနှင့် ချယ်လ်ဆီးသဘောတူညီမှုရပြီဆိုသည့် သတင်းများအား လိုက်ပ်ဇစ်အသင်းဒါရိုက်တာငြင်းဆို

ဗာနာနှင့် ချယ်လ်ဆီးသဘောတူညီမှုရပြီဆိုသည့် သတင်းများအား လိုက်ပ်ဇစ်အသင်းဒါရိုက်တာငြင်းဆို
Photos: Getty Images
Photos: Getty Images
Published 6 June 2020

လိုက်ပ်ဇစ်အသင်း၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ အိုလီဗာမင့်ဇ်လက်ဖ်က အသင်း၏တိုက်စစ်မှူးဖြစ်သူ တီမိုဗာနာတို့ ချယ်လ်ဆီးအသင်းတို့ အပြောင်းအရွှေ့အတွက် သဘောတူညီမှုရပြီဆိုသော သတင်းများအား ငြင်းဆိုခဲ့ကြောင်း Sky Sports Germany ၏ဖော်ပြမှုကို ဂျာမန်မီဒီယာများက ကိုးကားဖော်ပြခဲ့ကြသည်။

အသက် (၂၄)နှစ်အရွယ်ရှိ ဂျာမနီလက်ရွေးစင်တိုက်စစ်မှူး ဗာနာအား ပရီးမီးယားလိဂ်ကလပ်ချယ်လ်ဆီးအသင်းက ခေါ်ယူရန် သဘောတူညီမှုရခဲ့ပြီဟု ပြီးခဲ့သည့်ရက်ပိုင်းက ဥရောပမီဒီယာအများအပြားက ဖော်ပြခဲ့ကြပြီးနောက် အိုလီဗာမင့်ဇ်လက်ဖ်က ယခုကဲ့သို့ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ဗာနာအား စာချုပ်လျော်ကြေး ပေါင် (၅၄)သန်းပေးချေကာ ခေါ်ယူနိုင်ပြီဟု ဥရောပမီဒီယာများကဖော်ပြခဲ့ကြသလို၊ ချယ်လ်ဆီးအသင်းအနေဖြင့် ဗာနာအား တစ်ပတ်လုပ်ခ ပေါင် (၂)သိန်းဖြင့် (၅)နှစ်စာချုပ်ချုပ်ဆိုမည်ဟုလည်းပါရှိခဲ့သည်။

ဗာနာ၏ အပြောင်းအရွှေ့သတင်းများနှင့်ပတ်သက်ပြီး အိုလီဗာမင့်ဇ်လက်ဖ်က ''ဒီသတင်းတွေနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ပြောစရာမရှိပါဘူး။ ဗာနာအတွက် ဘယ်အသင်းနဲ့မှ အပြောင်းအရွှေ့သဘောတူညီမှုမရသေးသလို၊ ကျွန်တော်တို့ဟာ အခုအချိန်အထိ ချယ်လ်ဆီးအသင်းနဲ့ အပြန်အလှန်သဘောတူထားတာမရှိသေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သူနဲ့ပတ်သက်ပြီး ဘာမှဖြေရှင်းချက်ပေးနေမှာမဟုတ်ပါဘူး။ ဗာနာဟာ လိုက်ပ်ဇစ်အသင်းရဲ့ကစားသမားပါ'' ဟုပြောကြားခဲ့သည်။

ဗာနာသည် လိုက်ပ်ဇစ်အသင်းဂျာမန်ဘွန်ဒစ်လီဂါသို့ စတင်တန်းတက်လာကတည်းက အဓိကတိုက်စစ်မှူးအဖြစ်ခြေစွမ်းပြနေသူဖြစ်ပြီး ၎င်းအားခေါ်ယူရန်အတွက် လီဗာပူးလ်၊ ချယ်လ်ဆီး၊ ဘိုင်ယန်မြူးနစ်အသင်းများအပါအဝင် ဥရောပထိပ်တန်းအသင်းများစွာကစိတ်ဝင်စားနေကြခြင်းဖြစ်သည်။

ဆက်လက်ပြီး အိုလီဗာမင့်ဇ်လက်ဖ်က ''ဗာနာအနေနဲ့ အသင်းကနေတကယ်ထွက်ခွာခဲ့မယ်ဆိုတောင် ဒီရာသီဘွန်ဒစ်လီဂါပြိုင်ပွဲ ပြီးဆုံးချိန်အထိ အသင်းမှာဆက်ရှိနေမှာသေချာပါတယ်။ အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရ/မရပေါ်မူတည်ပြီး ကျွန်တော်တို့အနေနဲ့ ဒီအပြောင်းအရွှေ့ကို ဆုံးဖြတ်မှာဖြစ်လို့ ဇွန်လလယ်မတိုင်ခင်အထိ ကျွန်တော်တို့ ဆုံးဖြတ်မှာမဟုတ်ပါဘူး" ဟုလည်းပြောကြားခဲ့သည်။

ဗာနာသည် ယခုရာသီလိုက်ပ်ဇစ်အသင်းအတွက် ပြိုင်ပွဲစုံ (၄၁)ပွဲကစားကာ၊ (၃၁)ဂိုးသွင်းယူပေးထားပြီး ဂိုးဖန်တီးမှု (၁၁)ကြိမ်အထိပြုလုပ်ထားနိုင်ခဲ့သလို၊ အသင်းအတွက် (၄)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၅၅)ပွဲကစားကာ၊ (၉၂)ဂိုးသွင်းယူပေးထားသူဖြစ်သည်။

Most Read

Most Recent