လီဗာပူးလ်အသင်း ပစ်မှတ်ထားနေသည့် လိုက်ပ်ဇစ်တိုက်စစ်မှူး တီမိုဗာနာ ချယ်လ်ဆီးအသင်းနှင့် သဘောတူညီမှုရရှိခဲ့ပြီဟု မီဒီယာများဖော်ပြ

လီဗာပူးလ်အသင်း ပစ်မှတ်ထားနေသည့် လိုက်ပ်ဇစ်တိုက်စစ်မှူး တီမိုဗာနာ ချယ်လ်ဆီးအသင်းနှင့် သဘောတူညီမှုရရှိခဲ့ပြီဟု မီဒီယာများဖော်ပြ
Photos: Getty Images
Photos: Getty Images
Published 5 June 2020

ချယ်လ်ဆီးအသင်းသည် လီဗာပူးလ်အသင်းကာလ ရှည်ပစ်မှတ်ထားနေသည့် လိုက်ပ်ဇစ်အသင်းမှ ဂျာမန်လက်ရွေးစင်တိုက်စစ်မှူး တီမိုဗာနာကို လက်ဦးမှုရယူနိုင်ခဲ့ပြီး (၅)နှစ်စာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ဥရောပမီဒီယာများစွာက ဖော်ပြခဲ့ကြသည်။

တီမိုဗာနာ(၂၄ နှစ်)သည် ၂၀၁၆ ခုနှစ်က စတုဂတ်အသင်းမှ လိုက်ပ်ဇစ်အသင်းသို့ ယူရို(၁၀)သန်းဖြင့် ရောက်ရှိခဲ့သူဖြစ်ပြီး လိုက်ပ်ဇစ်အသင်းက ယူရိုသန်း (၆၀) တန်လျော် ကြေးစာချုပ်ချုပ်ဆိုထားခဲ့သည်။

သို့သော် ဇွန်လ(၁၅)ရက်နေ့ မတိုင်မီခေါ်ယူမှသာ ယင်းတန်ဖိုးဖြင့် ရရှိမည်ဖြစ်ပြီး နောက်ပိုင်းတွင် လိုက်ပ်ဇစ်အသင်းနှင့် ဈေးညှိရမည့်အခြေအနေဖြစ်သည်။

တီမိုဗာနာကို ခေါ်ယူလိုသောအသင်းများထဲတွင် လီဗာပူးလ်နှင့်အတူ ချယ်လ်ဆီး၊ မန်ယူ၊ ဘိုင်ယန်မြူးနစ်အသင်းတို့လည်း ပါဝင်ခဲ့ပြီး ကစားသမားကိုယ်တိုင်က လီဗာပူးလ်အ သင်းသို့ ပြောင်းရွှေ့ရန် ပိုမိုဆန္ဒရှိနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

သို့ရာတွင် လီဗာပူးလ်အသင်းသည် စာချုပ်လျော်ကြေးယူရိုသန်း(၆၀)ကို ပေးချေလိုခြင်းမရှိသည့်အတွက် ချယ်လ်ဆီးအသင်းက အခွင့်အရေးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းများအရ ချယ်လ်ဆီးအသင်းသည် တီမိုဗာနာကို တစ်ပတ်လုပ်ခပေါင်(၁၈၀၀၀၀)၊ တစ်နှစ်ပေါင်(၉)သန်းနှုန်းဖြင့် (၅)နှစ်စာချုပ်ချုပ်ဆိုမည်ဟု ကမ်းလှမ်းခဲ့ပြီး တီမိုဗာနာက လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ချယ်လ်ဆီးအသင်းသည် လျော်ကြေးစာချုပ်ပါ တန်ဖိုးအတိုင်း လိုက်ပ်ဇစ်အသင်းကို ပေးချေပြီးပါက တီမိုဗာနာကို ပိုင်ဆိုင် ခွင့်ရရှိမည်ဖြစ်ပြီး စာချုပ်ချုပ်ဆိုမှုကို လာမည့်ရက်သတ္တပတ်တွင် ပြုလုပ်ဖွယ်ရှိသည်ဟု ဗြိတိန်မီဒီယာများက သုံးသပ်ခဲ့ကြသည်။

တီမိုဗာနာသည် လိုက်ပ်ဇစ်အသင်းတွင် တစ်ပတ်လုပ်ခ ပေါင်(၅၃၀၀၀)သာရရှိသည့်အတွက် ချယ်လ်ဆီးအသင်း၏ ကမ်းလှမ်းမှုကို မလွန်ဆန်နိုင်ခြင်းဖြစ်ဖွယ်ရှိကြောင်းလည်း သိရသည်။

ချယ်လ်ဆီးအသင်း၏ နည်းပြလမ်းပတ်သည် ယခုနွေရာသီအတွက် အပြောင်းအရွှေ့ဘတ်ဂျက် ပေါင်သန်း (၁၀၀)ရရှိထားပြီး ပေါ်တိုအသင်းမှ ဘရာဇီးလ် ဘယ်နောက်ခံလူ တဲလက်စ်ကို အပြီးသတ်ခေါ်ယူရန်နှင့် ဘာစီလိုနာအသင်းမှ ဘရာဇီးလ်ကွင်းလယ်လူ ကော်တင်ဟိုကို အငှားခေါ်ယူရန် ပစ်မှတ်ထားနေကြောင်းလည်း သိရသည်။

Most Read

Most Recent