ကစားသမားများ တံတွေးထွေးခြင်းကိုတားမြစ်ရန် ပရီးမီးယားလိဂ်အသင်းများ သတိပေးခံရ

ကစားသမားများ တံတွေးထွေးခြင်းကိုတားမြစ်ရန် ပရီးမီးယားလိဂ်အသင်းများ သတိပေးခံရ
Photo: Daily Mail
Photo: Daily Mail
Published 4 June 2020

ပရီးမီးယားလိဂ်အသင်းများသည် လေ့ကျင့်မှုများတွင် ကစားသမားများ တံတွေးထွေးခြင်းကို တားမြစ်ရန် သတိပေးခြင်းခံခဲ့ရကြောင်း ဗြိတိန်သတင်းစာ Mirror က ဖော်ပြခဲ့သည်။ 

ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ကပ်ဘေးကာလအတွင်း ပြိုင်ပွဲပြန်လည်ကျင်းပရေးအတွက် ချမှတ်ထားသည့် စည်းကမ်းများကို ပရီးမီးယားလိဂ်အသင်းများ လိုက်နာခြင်း ရှိ၊ မရှိ စစ်ဆေးရန်အတွက် စစ်ဆေးရေးအဖွဲ့ စေလွှတ်ခဲ့ကြောင်း သိရသည်။ ယင်းစစ်ဆေးရေးအဖွဲ့သည် ပရီးမီးယားလိဂ်အသင်းများ၏ လေ့ကျင့်မှုများကို စောင့်ကြည့်ခဲ့ရာတွင် အကြီးမားဆုံးပြဿနာမှာ ကစားသမားများအနေဖြင့် တံတွေးထွေးခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ 

တံတွေးထွေးခြင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပြန့်ပွားမှုကို ပိုမိုဖြစ်စေနိုင်သည့်အတွက် ပရီးမီးယားလိဂ်အသင်းများကို ကစားသမားများအား တံတွေးထွေးခြင်းမပြုရန် ညွှန်ကြားထားခဲ့ကြောင်း သိရသည်။ 

သို့ သော် အချို့ကစားသမားများမှာ စဉ်းစားခြင်းပင် မရှိဘဲ တံတွေးထွေးနေကြကြောင်း အဆိုပါစုံစမ်းစစ်ဆေးမှုတွင် တွေ့ရှိခဲ့ရသဖြင့် စစ်ဆေးရေးအဖွဲ့က ပရီးမီးယားလိဂ်အသင်းများကို သတိပေးခဲ့ခြင်း ဖြစ်သည်။  

သို့သော် ကစားသမားများအနေဖြင့် တံတွေးထွေးခြင်းမှာ ချမှတ်ထားသည့်စည်းကမ်းများနှင့် ဆန့်ကျင်ရန် တမင်တကာပြုလုပ်နေခြင်းမဟုတ်ဘဲ လေ့ကျင့်နေချိန်အတွင်း အသက်ရှူသွင်းမှု ပိုမိုကောင်းမွန်အောင် ပြုလုပ်ခြင်းသာ ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် အဆိုပါစစ်ဆေးရေးအဖွဲ့သည် လေ့ကျင့်မှုများတွင် ရေဘူးတစ်ဘူးတည်းကို ကစားသမားများ အတူတူအသုံးပြုခြင်းနှင့် ကစားသမားများအချင်းချင်း အကျႌလဲလှယ်ခြင်းများကိုလည်း တားမြစ်ခဲ့ကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။ 

Most Read

Most Recent