စီးရီးအေအဖွဲ့ချုပ်သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားရသည့် စီးရီးအေပြိုင်ပွဲကို ဇွန်(၂၀)တွင် တိုရီနို-ပါးမားပွဲဖြင့် ပြန်လည်စတင်မည်ဖြစ်ကြောင်းနှင့် ယှဉ်ပြိုင်ကစားမည့် နေ့ရက်နှင့် အချိန်များကို ပွဲစဉ်(၃၅)အထိ အတည်ပြုထုတ်ပြန်ခဲ့သည်။
၂၀၁၉-၂၀ ရာသီ စီးရီးအေပြိုင်ပွဲမှာ ပွဲစဉ်(၂၆)အထိ ရောက်ရှိနေပြီဖြစ်သော်လည်း အသင်း(၈)သင်း၏ ပွဲကျန်(၄)ပွဲကျန်ရှိနေပြီး အဆိုပါပွဲကျန်များဖြင့် ပြိုင်ပွဲကို ပြန်လည်စတင်ရန် စီစဉ်ထားခြင်းလည်းဖြစ်သည်။
ယခုထွက်ပေါ်လာသည့် ပွဲစဉ်ဇယားအရ ယင်းပွဲကျန်(၄)ပွဲထဲမှ တိုရီနို-ပါးမားပွဲကို အစောဆုံးအဖြစ် ဇွန်(၂၀)ရက်နေ့ မြန်မာစံတော်ချိန် ည (၁၂း၀၀)နာရီတွင် စတင်ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။
ထို့နောက် ည(၂း၁၅)နာရီတွင် ဗီရိုနာ-ကာဂလီယာရီပွဲကိုလည်းကောင်း၊ ဇွန်(၂၁)ရက်နေ့ ည(၁၂း၀၀)နာရီတွင် အတ္တလန်တာ-ဆာဆူအိုလိုနှင့် ည(၂း၁၅)နာရီတွင် အင်တာမီလန်- ဆမ်ဒိုးရီးယားပွဲများကိုလည်းကောင်း ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
စီးရီးအေအဖွဲ့ချုပ်သည် နောက်ဆုံးပွဲစဉ်(၃)ပွဲဖြစ်သည့် ပွဲစဉ်(၃၆၊ ၃၇၊ ၃၈)တို့ကိုမူ ကလပ်အသင်းများ၏ အမှတ်ပေးဇယားနောက်ဆုံးရပ်တည်မှုအပေါ် မူတည်ကာ နေ့ရက်နှင့်ပွဲ အချိန်များ သတ်မှတ်ရန် စီစဉ်ထားသောကြောင့် လက်ရှိအချိန်၌ ပွဲစဉ်(၃၅)အထိသာ ပွဲစဉ်ဇယားကို ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။
ပွဲစဉ်(၃၅)အထိ ထုတ်ပြန်မှုအရ ဇွန်လ(၂၀)ရက်နေ့မှ ဇူလိုင်လ(၂၃)ရက်နေ့အတွင်း ပွဲမရှိသည့်နေ့ (၅)ရက်သာရှိပြီး ဇွန်(၂၅၊ ၂၉)၊ ဇူလိုင်(၃၊ ၁၀၊ ၁၇)ရက်နေ့တို့ဖြစ်ကြောင်း သိရသည်။
နောက်ဆုံးပွဲစဉ်(၃)ပွဲအတွက် ပွဲချိန်များ သတ်မှတ်ရခြင်းမရှိသေးသော်လည်း ပြိုင်ပွဲကို သြဂုတ်(၂)တွင် အဆုံးသတ်ရန် စီစဉ်ထားသည်။
လက်ရှိအချိန်တွင် စီးရီးအေပြိုင်ပွဲ၌ ဂျူဗင်တပ်စ်အသင်းက ဒုတိယနေရာမှ လာဇီယိုကို (၁)မှတ်အသာဖြင့် ဦးဆောင်နေပြီး ယင်းနှစ်သင်းမှာ ပွဲစဉ် (၃၄)၌ ထိပ်တိုက်ရင်ဆိုင်အမှတ်လုရမည်ဖြစ်ကြောင်းလည်း သိရသည်။










