ဘာစီလိုနာအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် အသင်းမှ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ရရှိမည့်အခွင့်အရေး အဆုံးသတ်သွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
ဘာစီလိုနာအသင်းသည် မက်ဆီကို ၂၀၁၇ ခုနှစ်တွင် (၄)နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့စဉ်က မက်ဆီအနေဖြင့် ဆန္ဒရှိပါက နွေရာသီအပြောင်းအရွှေ့ကာလရောက်လျှင် အသင်းမှ အလွတ်ထွက်ခွာခွင့်ပြုမည်ဟု ထည့်သွင်းချုပ်ဆိုခဲ့သည်။
သို့သော် စာချုပ်သက်တမ်းအရ အဆိုပါသဘောတူညီမှုမှာ ပြီးခဲ့သည့် မေလ(၃၀)ရက်နေ့က အဆုံးသတ်သွားသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ကြောင့် မက်ဆီသည် ၂၀၂၁ ခုနှစ် နွေရာသီမှသာ ဘာစီလိုနာအသင်းမှ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ရတော့မည်ဖြစ်ကြောင်းလည်း သိရှိရသည်။
မက်ဆီသည် ယင်းကဲ့သို့ ထူးခြားသည့်အခွင့်အရေး ရရှိထားခဲ့သော်လည်း ဘာစီလိုနာအသင်းကို စွန့်ခွာရန် ဆန္ဒမရှိသည့်အတွက် ခေါ်ယူလိုသည့်အသင်းများစွာ ရှိသော်လည်း ဘာစီလိုနာအသင်းတွင် ဆက်ရှိနေခြင်းဖြစ်သည်။
မက်ဆီသည် ဘာစီလိုနာအသင်းနှင့် ၂၀၀၅ ခုနှစ်တွင် ပရော်ဖက်ရှင်နယ်စာချုပ် စတင်ချုပ်ဆိုခဲ့ပြီးနောက် စာချုပ်သက်တမ်း တိုးမြှင့်ချုပ်ဆိုမှု (၈)ကြိမ်အထိ ပြုလုပ်ခဲ့သလို၊ ဘာစီလိုနာအသင်းနှင့် ယူရိုသန်း(၇၀၀)တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားကြောင်းလည်း သိရှိရသည်။










