Photos: Ko Ar Ti Facebook
Chinese 8 Ball ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) မောင်မောင် (ခ) အားတီသည် ပထမအဆင့်အုပ်စုနောက်ဆုံးပွဲအဖြစ် ယနေ့ (မေ ၃၁ ရက်) ညနေပိုင်းကလက်ရှိကမ္ဘာ့ချန်ပီယံ တရုတ်ကစားသမား ချူဘင်ဂျီနှင့် ယှဉ်ပြိုင်ကစားရာ (၁၁-၂၁) ပွဲဖြင့် အရေးနိမ့်ပြီး ပထမဆုံးရှုံးပွဲကြံုတွေ့ခဲ့ကြောင်း သိရသည်။
ဘုန်းမြင့်ကျော်သည် ပွဲအစတွင် (၄)ပွဲပြတ်အထိ ဦးဆောင်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြိုင်ဘက်ကစားသမားကို အခွင့်အရေးပြန်ပေးခဲ့ရကာ ပထမပိုင်းအပြီးတွင် (၈-၁၂) ပွဲဖြင့် အရေးနိမ့်နေသည်။
ဒုတိယပိုင်းတွင်လည်း ချူဘင်ဂျီကသာ တောက်လျှောက်ဦးဆောင်ခဲ့ပြီး ပွဲငယ် (၁၀) အသာဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ယခုပြိုင်ပွဲတွင် (၆)ပွဲဆက်အနိုင်ရထားသည့် ဘုန်းမြင့်ကျော်သည် ယခုပွဲရှုံးပွဲကြောင့် ပထမအဆင့်အုပ်စုပွဲများတွင်ရာနူန်းပြည့်နိုင်ပွဲရမည့်အခွင့်အရေးလက်လွှတ်ခဲ့ရသည်။
ဘုန်းမြင့်ကျော်သည် ယခုပြိုင်ပွဲတွင် ပထမအဆင့်အုပ်စုပွဲအားလုံး ယှဉ်ပြိုင်ပြီးစီးသွားပြီး (၇)ပွဲတွင် (၆)ပွဲနိုင်၊ (၁)ပွဲရှုံးနိမ့်ခဲ့သည်။ ဘုန်းမြင့်ကျော်သည် မေ (၁၆) ရက်ပွဲပြီးကတည်းက ဒုတိယအဆင့်သို့ တက်ရောက်ထားပြီး ယခုပွဲရှုံးနိမ့်ခဲ့သော်လည်း အုပ်စုပထမနေရာတွင် ဆက်လက်ရပ်တည်လျက်ရှိသည်။
သို့သော် အခြားကစားသမားများမှာ လက်ကျန်ပွဲများ ယှဉ်ပြိုင်ကစားရန်ကျန်ရှိနေသေးသောကြောင့် ဘုန်းမြင့်ကျော်အနေဖြင့် အုပ်စုပထမနေရာတွင်ဆက်လက်ရပ်တည်နိုင်ခြင်းရှိ၊ မရှိ အခြားကစားသမားများ၏ ရလဒ်များကို စောင့်ကြည့်ရမည်ဖြစ်သည်။ ပထမအဆင့်အုပ်စုပွဲများမှာ ဇွန်လဒုတိယပတ်တွင် ပြီးစီးမည်ဖြစ်သည်။
ဒုတိယအဆင့်ပွဲစဉ်များကို ရှုံးထွက်စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ပထမအဆင့်အုပ်စုပွဲစဉ်များအပြီးတွင် ထိပ်ဆုံးရပ်တည်မှုရ (၃)ဦးနှင့် Play-off အဆင့်မှ အနိုင်ရသူ (၁)ဦး၊ စုစုပေါင်း (၄)ဦး ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အုပ်စုပထမနေရာရရှိသူမှာ Play-off အဆင့်မှ အနိုင်ရသူနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆင့် (၂) နှင့် (၃) နေရာရကစားသမားတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဒုတိယအဆင့်ပွဲစဉ်များ ကျင်းပမည့်ရက်ကို ထပ်မံအတည်ပြုမည်ဖြစ်သည်။