ပရီးမီးယားလိဂ်ကလပ် စပါးအသင်းသည် ဘာစီလိုနာတောင်ပံကစားသမား ကော်တင်ဟိုအား ခေါ်ယူရန်စိတ်ဝင်စားနေသော်လည်း အငှားစာချုပ်ဖြင့်သာခေါ်ယူလိုနေကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။
အသက် (၂၇)နှစ်အရွယ်ရှိ ဘရာဇီးလ်တောင်ပံကစားသမား ကေ်ာတင်ဟိုသည် လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ဘာစီလိုနာအသင်းမှထွက်ခွာရန် ရေပန်းစားနေသူဖြစ်ပြီ ၄င်းအားခေါ်ယူရန်အတွက် စပါးအသင်းအပြင် ပရီးမီးယားလိဂ်ကလပ်အသင်းများအဖြစ်သည့် ချယ်လ်ဆီး၊ အာဆင်နယ်၊ မန်ယူ၊ လက်စတာအသင်းများက စိတ်ဝင်စားနေကြသည်။
ကော်တင်ဟိုသည် ၂၀၁၈ ဇန်နဝါရီအပြောင်းအရွှေ့က လီဗာပူးလ်အသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကြေးပေါင် (၁၀၅)သန်းဖြင့်ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး စပိန်မြေတွင် ခြေစွမ်းပြရန်ရုန်းကန်ခဲ့ရသည်။
ထို့ကြောင့်ကော်တင်ဟိုအနေဖြင့် ပြီးခဲ့သည့် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့က ဘိုင်ယန်မြူးနစ်အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် သွားရောက်ကစားခဲ့ပြီး လာမည့်နွေရာသီတွင် အငှားစာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
ဘာစီလိုနာအသင်းအနေဖြင့် ကော်တင်ဟိုအား ဘိုင်ယန်မြူးနစ်အသင်းထံ အပြီးသတ်ရောင်းချခွင့်ရှိသော်လည်း ဘိုင်ယန်မြူးနစ်အသင်းမှခေါ်ယူမည်မဟုတ်သောကြောင့် ကော်တင်ဟိုအတွက် သင့်တော်သည့်ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေသည်ဟုလည်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။
ယခုအခါစပါးအသင်းကလည်း ကော်တင်ဟိုအား တစ်ရာသီအငှားခေါ်ယူရန်စိတ်ဝင်စားနေပြီး ယူရို (၁၀)သန်းပေးချေသွားဖွယ် ရှိနေကြောင်းသိရသည်။
သို့သော် ဘာစီလိုနာအသင်းကမူ အပြီးသတ်ရောင်းချပြီး ငွေရှာရန်သာ ဆန္ဒရှိနေသည့်အတွက် စပါးအသင်း၏ ကမ်းလှမ်းမှုမှာ သဘောတူညီမှုရဖွယ်မရှိကြောင်းလည်းသိရသည်။
Forbrs မဂ္ဂဇင်း၏ထုတ်ပြန်ချက်အရ ကော်တင်ဟို၏ လက်ရှိပြောင်းရွှေ့ကြေးတန်ဖိုးမှာ ပေါင်သန်း (၇၀)သာရှိတော့ပြီး ဘာစီလိုနာအသင်းအနေဖြင့်လည်း ယင်းပမာဏဝန်းကျင်ရရှိပါက ရောင်းချဖွယ်ရှိနေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။










