လာလီဂါ လက်ကျန် (၁၁)ပွဲမှာ မိမိတို့အတွက် ဗိုလ်လုပွဲ (၁၁)ပွဲဖြစ်ကြောင်း ဗီဒယ်လ်ဆို

လာလီဂါ လက်ကျန် (၁၁)ပွဲမှာ မိမိတို့အတွက် ဗိုလ်လုပွဲ (၁၁)ပွဲဖြစ်ကြောင်း ဗီဒယ်လ်ဆို
Photos: Getty Images
Photos: Getty Images
Published 30 May 2020

ဘာစီလိုနာကွင်းလယ်လူ ဗီဒယ်လ်က လာလီဂါပြိုင်ပွဲ ပြန်လည်စတင်ရန် သဘောတူညီမှုရခဲ့ခြင်းနဲ့အတူ ကစားရန်ကျန်ရှိနေသည့် ပွဲစဉ် (၁၁)ပွဲမှာ မိမိတို့အတွက် ဗိုလ်လုပွဲ (၁၁)ပွဲဖြစ်ကြောင်းပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်ပျံ့နှံ့မှုကြောင့် ဥရောပဘောလုံးပွဲစဉ်များအားရပ်နားခဲ့ခြင်းနှင့်အတူ လာလီဂါပြိုင်ပွဲမှာလည်း ပြီးခဲ့သည့် မတ်လကတည်းက ရပ်နားခဲ့ခြင်းဖြစ်ပြီး ယခုအခါလာမည့် ဇွန် (၁၁)ရက်နေ့တွင် ပြန်လည်စတင်ရန် သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။

အသက် (၃၃)နှစ်အရွယ်ရှိ ချီလီကွင်းလယ်လူ ဗီဒယ်လ်က ဘောလုံးပွဲများပြန်လည်စတင်နိုင်ခဲ့ခြင်းမှာ မယုံနိုင်စရာဖြစ်ကြောင်း၊ မိမိတို့အတွက် (၂)လကျော် lock down ကာလမှာအလွန်ရှည်ကြာခဲ့ကြောင်းနှင့် လာလီဂါလက်ကျန်ပွဲကာလမှာ မိမိတို့အတွက်အလွန်ခက်ခဲမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗီဒယ်လ်က ''လက်ရှိမှာတော့ ကျွန်တော့်တို့ဟာ အကောင်းဆုံးလုပ်ဆောင်ဖို့ပဲတွေးထားရတော့မှာပါ။ ရှေ့ကာလမှာ ကျွန်တော်တို့အတွက် အလွန်အရေးကြီးတဲ့ လတွေကိုရင်ဆိုင်ရဖို့ရှိနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြိုင်ပွဲ (၂)ခုစလုံးမှာ (၁၀၀)% အားထုတ်ဖို့လိုပါတယ်။ အသင်းဖော်အားလုံးရဲ့ ကျန်းမားရေး အခြေအနေကလည်း ကောင်းကောင်းမွန်မွန်ပါပဲ။ ကျွန်တော်တို့အားလုံးကောင်းမွန်တဲ့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့အတူ ပြန်လာမှာပါ။ လက်ကျန် (၁၁)ပွဲကတော့ ကျွန်တော်တို့အတွက် ဗိုလ်လုပွဲ (၁၁)ပွဲပါပဲ။ ကျွန်တော်တို့အမှားလုပ်လို့မရသလို၊ အလွန်ခက်ခဲမယ့်ပွဲစဉ်တွေပါ'' ဟု Barcelona Channel သို့ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် လာလီဂါပွဲစဉ် (၂၇)အပြီးတွင် ရမှတ် (၅၈)မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှဦးဆောင်နေသော်လည်း ဒုတိယနေရာမှ ရီးယဲလ်မက်ဒရစ် (၅၆ မှတ်)ကို (၂)မှတ်သာ အသာရ ထားသည့်အတွက် လက်ကျန် (၁၁)ပွဲတွင် ချန်ပီယံဆုအား အပြိုင်လုရဖွယ်ရှိနေရာ ဗီဒယ်လ်က ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဗီဒယ်လ်က ကာလရှည်အနားယူနေရသည့် အသင်း၏အဓိကတိုက်စစ်မှူးဆွာရက်ဇ် ဒဏ်ရာမှပြန်လည်သက်သာလာခြင်းမှာလည်း အသင်းအတွက်ချန်ပီယံတိုက်ပွဲတွင်အရေးပါသည့်အချက်ဖြစ်သလို၊ မိမိအနေဖြင့် ဘာစီလိုနာအသင်းနှင့်အတူ ကစားသမားဘ၀ ပြိုင်ပွဲစုံ(၉)နှစ်ဆက် အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်မည်ဟု မျှော်လင့်ထားကြောင်းလည်း ပြောကြားခဲ့သည်။

ဗီဒယ်လ်သည် ၂၀၁၁-၁၂ ဘောလုံးရာသီတွင် ဂျူဗင်တပ်စ်အသင်းနှင့်အတူ စကူဒက်တိုချန်ပီယံဆုကိုရယူနိုင်ခဲ့သည့်အချိန်မှစတင်ပြီး ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီတွင် ဘာစီလိုနာအသင်းနှင့်အတူ လာလီဂါချန်ပီယံဆုကို ရယူနိုင်သည့်အချိန်ထိ မတူညီသည့် အသင်း (၃)သင်းနှင့် (၈)နှစ်ဆက် အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်သူအဖြစ် မှတ်တမ်းဝင်ထားသူဖြစ်သည်။

ဗီဒယ်လ်သည် ဂျူဗင်တပ်စ်အသင်းနှင့်အတူ စီးရီးအေချန်ပီယံဆု (၄)ကြိမ်၊ ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ဘွန်ဒစ်လီဂါချန်ပီယံဆု (၃)ကြိမ်နှင့် ဘာစီလိုနာအသင်းနှင့် လာလီဂါချန်ပီယံဆု (၁)ကြိမ်ရရှိထားသူဖြစ်သည်။

Most Read

Most Recent