အီတလီအားကစားဝန်ကြီး ဗင်းဆင့်ဇိုစပါဒါဖိုရာက စီးရီးအေပြိုင်ပွဲ ပြန်လည်စတင်ရေးကို ခြေလှမ်းတစ်လှမ်းချင်းစီ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စီးရီးအေပြိုင်ပွဲကို မတ်လကတည်းက ရပ်နားထားခဲ့ခြင်းဖြစ်ပြီး၊ ယခုအချိန်တွင် ပြန်လည်စတင်ရန် စီစဉ်နေပြီဖြစ်ကာ စီးရီးအေကလပ်အသင်းများသည်လည်း လေ့ကျင့်ခန်းအစီအစဉ်များကို တစ်ဦးချင်းအနေဖြင့် ပြန်လည်ပြုလုပ်နေကြပြီဖြစ်သည်။

အသင်းလိုက်လေ့ကျင့်ခန်း အစီအစဉ်အပြည့်အဝကိုမူ မေလ (၁၈)ရက်နေ့မတိုင်မီ ပြုလုပ်ခွင့်ပြုမည်မဟုတ်ဟု အားကစားဝန်ကြီးချုပ် စပါဒါဖိုရာက ယခင်က ပြောကြားခဲ့ဖူးပြီး ယခုအချိန်တွင်မူ ယင်းထက် ပိုမိုဆောလျင်စွာ ခွင့်ပြုပေးနိုင်ခြေရှိနေသည်။

ဂျာမနီဘွန်ဒစ်လီဂါပြိုင်ပွဲသည် လာမည့် မေလ (၁၆) ရက်နေ့တွင် ပြန်လည်စတင်တော့မည်ဖြစ်ပြီး စီးရီးအေ အဖွဲ့ချုပ်ကလည်း ဘွန်ဒစ်လီဂါ၏ ခြေလှမ်းများကို အတုယူသွားမည်ဟု ဆိုထားသည်။
သို့ရာတွင် အားကစားဝန်ကြီး စပါဒါဖိုရာကမူ ခြေလှမ်းတစ်လှမ်းချင်းစီ ဂရုတစိုက်လျှောက် လှမ်းရလိမ့်မည်ဟု စီးရီးအေနှင့်ပတ်သက်သည့် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

"ကျွန်တော်တို့က အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့ သိပ္ပံဆိုင်ရာကော်မတီက တင်ပြတဲ့အချက်တွေကို အမြန်ဆုံး လေ့လာသွားမှာပါ။ ကျွန်တော်တို့ဟာ အသင်းလိုက်အား ကစားနည်းတွေနဲ့ တစ်ဦးချင်းအားကစားနည်းတွေအတွက် လိုအပ်တဲ့ လမ်းညွှန်ချက်တွေကိုလည်း တင်ပြပေးဖို့အတွက် တောင်းဆိုထားပြီး အများပြည်သူရဲ့ ကျန်းမာရေးလုပ်ငန်းစဉ်တွေကို မထိခိုက်ဘူးဆိုရင် ပြန်လည်ခွင့်ပြုပေးဖို့ အသင့်ရှိပါတယ်။ ကာယလေ့ကျင့်ရေးခန်းမတွေ၊ ရေကူးကန်တွေနဲ့ပတ်သက်တဲ့ အဆိုပြုချက်တွေကိုလည်းတောင်း ဆိုထားပါတယ်။ နောက်ဆုံးအနေနဲ့ စီးရီးအေပြိုင်ပွဲကို ပြန်လည်စတင်ဖို့အတွက် ကျွန်တော်တို့ ခြေလှမ်းတစ်လှမ်းချင်း သွားနေပါတယ်။ အရင်ထက် အားကောင်းတဲ့ခြေလှမ်းတွေနဲ့ ပြန်လာနိုင်အောင် ကျွန်တော်တို့ စီစဉ်နေပါတယ်" ဟု အားကစားဝန်ကြီး စပါဒါဖိုရာက ပြောကြားခဲ့သည်။










