ဗြိတိန်အစိုးရသည် ဇွန်လ(၁)ရက်နေ့မှစ၍ အားကစားပြိုင်ပွဲများ ပြန်လည်ကျင်းပခွင့်ပြုလိုက်ပြီဖြစ်၍ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဇွန်လဆန်းတွင် ပြန်လည်စတင်နိုင်ဖွယ်ရှိသော်လည်း ပရီးမီးယားလိဂ်ကလပ်အသင်းများအနေဖြင့် ကြားကွင်းတွင်ယှဉ်ပြိုင်ကစားရန် ညှိနှိုင်းမရသေးကြောင်း သိရသည်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် တနင်္ဂနွေနေ့က အများပြည်သူများ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်ရေးအစီအစဉ်များနှင့်ပတ်သက်ပြီး မိန့်ခွန်းပြောကြားခဲ့ရာ၌ အားကစားပွဲများ ပြန်လည်စတင်ရေးကိစ္စကို အရေးတယူပြု ပြောကြားခဲ့ခြင်းမရှိသော်လည်း တနင်္လာနေ့တွင် ဗြိတိန်အစိုးရက Lockdown စည်းမျဉ်းဖြေလျှော့မှုများပါဝင်သော စာမျက်နှာ(၅၀)ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ရာတွင် ဇွန်လ(၁)ရက်နေ့မှစ၍ အားကစားပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်မည်ဟု ပါရှိခဲ့သည်။
အဆိုပါကြေညာချက်တွင် ဗြိတိန်နိုင်ငံ၌အားကစားပြိုင်ပွဲအားလုံးကို ဇွန်လ(၁)ရက်နေ့မတိုင်မီအထိ ကျင်းပခွင့်ပြုမည်မဟုတ်ဘဲ ယင်းနောက်ပိုင်းမှသာ ခွင့်ပြုသွားမည်ဟု ပါရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် လက်ရှိရပ်နားထားရသည့်ပြိုင်ပွဲများ ပြီးဆုံးသည်အထိ ပရိသတ်များကို ဝင်ရောက်ကြည့်ရှုအားပေးခွင့် ပြုမည်မဟုတ်ကြောင်းနှင့် သတ်မှတ်ထားသော စည်းမျဉ်းများကို လိုက်နာရမည်ဟုလည်း ဖော်ပြခဲ့သည်။
ထို့ကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဇွန်လဆန်းမှစ၍ ကွင်းပိတ်ကျင်းပခွင့်ရရှိမည်ဖြစ်ပြီး အသေးစိတ်ဆွေးနွေးညှိနှိုင်းမှုများ ထပ်မံပြုလုပ်ရန်သာ ကျန်ရှိတော့သည့် အခြေအနေဖြစ်သည်။
ယခုကဲ့သို့ ဗြိတိန်အစိုးရ၏ ခွင့်ပြုချက်ထွက်လာချိန်တွင် ပရီးမီးယားလိဂ်အသင်းများသည် ပြိုင်ပွဲပြန်လည်စတင်ရန်အတွက် ဗီဒီယိုကွန်ဖရင့်ပြုလုပ်ကာ ဆွေးနွေးနေချိန်ဖြစ်သည်။

ယင်းဆွေးနွေးပွဲ၌ ဆေးဘက်ဆိုင်ရာလုပ်ငန်းစဉ်၊ ကြားကွင်းတွင် ယှဉ်ပြိုင်ကစားရန်၊ ရုပ်သံကုမ္ပဏီများနှင့် ဆောင်ရွက်မည့်ကိစ္စ၊ ကစားသများ၏ စာချုပ်သက်တမ်းကိစ္စများကို ညှိနှိုင်းဆွေးနွေးကြခြင်းဖြစ်သည်။
အဓိကအကြောင်းအရာတစ်ခုဖြစ်သည့် ကြားကွင်းတွင် ယှဉ်ပြိုင်ကစားရန် ဆွေးနွေးမှုမှာ အဆင်မပြေခဲ့ဘဲ ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

ပရီးမီးယားလိဂ်ထိပ်သီး(၆)သင်းက ကြားကွင်းတွင် ယှဉ်ပြိုင်ကစားရန် သဘောတူညီခဲ့ကြသော်လည်း ကျန်အသင်းများက ၎င်းတို့၏ အိမ်ကွင်းများတွင်သာ ယှဉ်ပြိုင်ကစားရန် ဆန္ဒရှိနေသောကြောင့် ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။
ထို့ကြောင့် ပရီးမီးယားလိဂ်တာဝန်ရှိသူများအနေဖြင့် အသင်းတိုင်း၏ အိမ်ကွင်းများတွင်သာ ယှဉ်ပြိုင်ကစားခွင့်ပြုရန် အစိုးရထံထပ်မံတောင်းဆိုသွားရဖွယ်ရှိနေကြောင်းလည်း သိရသည်။
ကစားသမားများ၏ စာချုပ်သက်တမ်းနှင့်ပတ်သက်၍မူ ကစားသမားများနှင့် ကလပ်အသင်းများ အချင်းချင်း ညှိနှိုင်း၍ ဆုံးဖြတ်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

ပုံမှန်အားဖြင့် ကစားသမားများ၏ စာချုပ်သက်တမ်းမှာ ဇွန်(၃၀)တွင် ကုန်ဆုံးမည်ဖြစ်သောကြောင့် ယင်းကစားသမားများအား အသင်းတွင်ဆက်ထား၊ မထားဆွေး နွေးခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးသဘောတူညီချက်အရ ကစားသမားနှင့် ကလပ်အသင်းတို့ ညှိနှိုင်းမှုအဆင်ပြေခဲ့ပါက ဇွန်(၃၀)တွင် သက်တမ်းကုန်မည့် ကစားသမားများမှာလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးသည်အထိ ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဟု သိရသည်။

ပရီးမီးယားလိဂ် ပြိုင်ပွဲတာဝန်ရှိသူများသည် အစိုးရ၏ ခွင့်ပြုချက်အရ ဇွန်လဆန်းတွင် ပြိုင်ပွဲပြန်စနိုင်မည်ဖြစ်သော်လည်း မူလရည်မှန်းထားသည့်အတိုင်း ဇွန်(၁၂)တွင်သာ ပြန်လည်စတင်နိုင်ရန် ပစ်မှတ်ထားနေသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။










