ဆွီဒင်ကလပ် ဟမ်မာဘီအသင်း၏ အားကစားဒါရိုက်တာ ဂျက်စပါယန်ဆန်က နာမည်ကျော်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် လာမည့်ရာသီ၌ မိမိတို့အသင်းတွင် ကစားဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။
အီဘရာဟီမိုဗစ်(၃၈ နှစ်)သည် မကြာမီ အေစီမီလန်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ကစားသမားဘဝမှ အနားယူရန် စီစဉ်ထားခြင်းမရှိသေးပေ။
အီဘရာဟီမိုဗစ်သည် ဟမ်မာဘီအသင်း၏ ရှယ်ယာ(၂၅%)ကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း ဆွီဒင်သို့ ပြန်ကာ ဟမ်မာဘီအသင်းတွင် လေ့ကျင့်ခဲ့သည်။
ထို့ကြောင့် အခြားအသင်းများ၏ ကမ်းလှမ်းမှုမရှိခဲ့ပါက ဟမ်မာဘီအသင်းတွင် ပါဝင်ကစားဖွယ်ရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။
ယန်ဆန်က ''သူ့ရဲ့အနာဂတ်ကို အီဘရာဟီမိုဗစ်ပဲ သိမှာပါ။ ကျွန်တော်တို့ကတော့ သူ့ကို အသင်းမှာ ကစားစေချင်ပါတယ်။ ဖြစ်လာနိုင်ခြေလည်းရှိပါတယ်'' ဟု ပြောကြားခဲ့သည်။










