ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းထားရသည့် UFC 249 ပြိုင်ပွဲကို မေ (၉)ရက်က ပရိသတ်မပါဘဲ ကွင်းပိတ်ကျင်းပခဲ့ရာ Main Fight ပွဲစဉ်တွင် အမေရိကန်ကစားသမား ဂျပ်စတင်ဂေးချီက တစ်နိုင်ငံတည်းသား တိုနီဖာဂူဆန်ကို အနိုင်ရပြီး လိုက်ဝိတ်တန်းချန်ပီယံခါးပတ်ကို စိန်ခေါ်ခွင့်ရမည့် Interim ချန်ပီယံဖြစ်လာခဲ့ကြောင်း သိရသည်။
ယင်းပြိုင်ပွဲကို ဖလော်ရီဒါပြည်နယ်၊ Jacksonville မြို့ရှိ Vystar Veterans Memorial Arena တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မူလက UFC 249 ပြိုင်ပွဲအဖြစ် ဧပြီ (၁၈) ရက်တွင် လိုက်ဝိတ်တန်းချန်ပီယံ ခါဘစ်နာမာဂိုမီဒေါ့ဗ်နှင့် တိုနီဖာဂူဆန်တို့ ထိုးသတ်ရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် တွဲဆိုင်းအပြင် ကျင်းပမည့်နေရာပါ ပြောင်းလဲခဲ့ရခြင်း ဖြစ်သည်။
ဂျပ်စတင်ဂေးချီနှင့် တိုနီဖာဂူဆန်သည် ပဥ္စမအချီ အထိ ယှဉ်ပြိုင်ခဲ့ရပြီး (၃)မိနစ် (၃၉)စက္ကန့်တွင် ဂေးချီက အလဲထိုးဖြင့် အနိုင်ရကာ Interim ချန်ပီယံ ဖြစ်လာခဲ့သည်။
ယင်းပြိုင်ပွဲကို မူလက ကယ်လီဖိုးနီးယားပြည်နယ်၊ Lemoore မြို့တွင် ကျင်းပရန်စီစဉ်ထားသော်လည်း ရုပ်သံမိတ်ဖက်များ ဖြစ်သည့် ESPN နှင့် Disney ကုမ္ပဏီများက ကန့်ကွက်သောကြောင့် နေရာပြောင်းလဲကျင်းပခဲ့ရသည်။
ယခု UFC ပြိုင်ပွဲမှာ အမေရိကန်နိုင်ငံတွင် မတ်လကတည်းက ပထမဆုံးကျင်းပသည့် မေဂျာအားကစားပြိုင်ပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ပြိုင်ပွဲမတိုင်မီတွင် မစ်ဒယ်ဝိတ်တန်း ဘရာဇီးလ် MMA အားကစားသမား ဂျာကဲဆိုဆာနှင့် သူ၏အဖွဲ့ဝင်(၂) ဦးမှာ ဗိုင်းရပ်စ်စစ်ဆေးမှုတွင် Positive အဖြေထွက်ခဲ့ပြီး ပြိုင် ပွဲမှ နုတ်ထွက်ခဲ့သည်။
ထို့ကြောင့် ပြိုင်ပွဲကျင်းပချိန်တွင် ကျန်းမာရေးအတွက် ဘေးကင်းစေရန် ပိုမိုတင်းတင်းကျပ်ကျပ် ဆောင်ရွက်ခဲ့ပြီး ဒိုင်လူကြီးများ၊ ရုပ်သံတင်ဆက်သူများနှင့် ပြိုင်ပွဲဝန်ထမ်းများကို Mask ဝတ်ဆင်စေခဲ့သည်။
MMA အားကစားသမားတစ်ဦးစီအနေဖြင့်လည်း Cage ထဲသို့ အသင်းအဖွဲ့ဝင်တစ်ဦးစီသာ ဝင်ခွင့်ပြုခဲ့သည်။
ပြိုင်ပွဲကို ပရိသတ်မပါဘဲကျင်းပခြင်းဖြစ်သောကြောင့် ရုပ်သံအစီအစဉ်တင်ဆက်သူများ၏အသံကိုပင် ကြားနေရကြောင်း အားကစားသမားများက ပွဲအပြီးတွင် အသီးသီးပြောကြားခဲ့သည်။
ဟဲဗီးဝိတ်ပွဲထိုးသတ်ခဲ့သည့် ဂရက်ဟာဒီက ပြိုင်ဘက်ဖြစ်သူ ယော်ဂန်ဒီကက်စထရိုကို အနိုင်ယူခဲ့ရာတွင် အစီအစဉ်တင်ဆက်သူ ဒန်နီယဲလ်ကော်မီယာ၏အကြံပေးချက်ကို ရယူခဲ့သည်ဟု ဝန်ခံခဲ့သည်။
ထို့ပြင် မစ်ချယ်ဝက်တာဆန်ကို အနိုင်ရခဲ့သည့် အမျိုးသမီး MMA အားကစားသမား ကာလာအက်ပါဇာကလည်း ကော်မီယာမှ သူ့အပေါ် ဝေဖန်နေမှုကို ကြားခဲ့ရသောကြောင့် ပွဲအတွင်း နည်းဗျူဟာကို ပြောင်းလဲခဲ့ရသည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။
ယခု UFC 249 ပြိုင်ပွဲ တွင် ဂျပ်စတင်ဂေးချီနှင့် တိုနီဖာဂူဆန်တို့ပွဲစဉ်အပါအဝင် Main Fight (၅)ပွဲအထိ ပါဝင်ခဲ့ပြီး ဘင်တန်ဝိတ်တန်းပွဲစဉ် တွင် လက်ရှိချန်ပီယံ ဆယ်ဂျူဒိုက တစ်နိုင်ငံတည်းသား ဒေါ် မီနစ်ခရုဇ်ကို အနိုင်ယူခဲ့သည်။










