လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများနှင့်ပတ်သက်ပြီး နာမည်ပျက်ရှိနေသည့် ဆော်ဒီသူဌေးများက လွှဲပြောင်းဝယ်ယူသည့်ကိစ္စနှင့်ပတ်သက်ပြီး နယူးကာဆယ်ပရိသတ်များထံ စစ်တမ်းကောက်ခံခဲ့ရာ လွှဲပြောင်းဝယ်ယူရန် ထောက်ခံသူဦးရေမှာ (၉၆)ရာခိုင်နှုန်းအထိရှိခဲ့သည်ဟု သိရှိရသည်။

နယူးကာဆယ်အသင်းပိုင်ရှင်သစ်ဖြစ်လာမည့် ဆော်ဒီအိမ်ရှေ့မင်းသားသည် ဆော်ဒီဂျာနယ်လစ်တစ်ဦးအသတ်ခံရမှုတွင် အဓိကတာဝန်ရှိသူအဖြစ် စွပ်စွဲခံနေရသူဖြစ်ပြီး လူ့အခွင့်အရေးအဖွဲ့အစည်းများကလည်း အိမ်ရှေ့မင်းသား ဘင်ဆယ်လ်မန်၏ ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းကို ပိုင်ဆိုင်လိုသည့် အိပ်မက်ကို ဆန့်ကျင်နေကြသည်။

ယင်းအခြေအနေတွင် နယူးကာဆယ်ပရိသတ်များကမူ လူ့အခွင့်အရေးမှတ်တမ်းဆိုးများရှိသည့်တိုင် ထောက်ခံနေကြဆဲဖြစ်ပြီး နယူးကာဆယ်အားပေးသူများအဖွဲ့၏ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဂရက်မော်ရစ်ဆင်က "ကျွန်တော်တို့လည်း စိတ်ရှုပ်ထွေးနေရပါတယ်။ ဆော်ဒီမှာ ဖြစ်ပျက်နေတာတွေအတွက် ကျွန်တော်တို့မှာ တာဝန်မရှိသလို၊ သူတို့ရဲ့ လုပ်ရပ်တွေကို အားပေးထောက်ခံခြင်းလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ နယူးကာဆယ်ပရိသတ်တွေကို ကျွန်တော်တိုက်တွန်းလိုတာက ဒါတွေဟာ ဆက်စပ်မှုရှိတယ်ဆိုတာကိုတော့ လက်ခံဖို့လိုတယ်။ ဝေဖန်မှုတွေကို နားလည်ဖို့လည်း လိုပါတယ်" ဟု ပြောကြားခဲ့သည်။










