ရီးယဲလ်မက်ဒရစ်အသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဖလော်ရင်တီနိုပီရက်ဇ်သည် လာမည့် ၂၀၂၂ တွင် မဟာစီမံကိန်းကြီးတစ်ခုကို အကောင်အထည်ဖော်ရန် စီစဉ်နေပြီး ယင်းမှာ တတိယမြောက် ကြယ်စင်စုစီမံကိန်းဖြစ်လာမည်ဟု မီဒီယာများ ဖော်ပြလျက်ရှိသည်။
ပီရက်ဇ်သည် ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌရာထူးကို ဒုတိယအကြိမ် ဆောင်ရွက်နေသူဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် နှစ်ကြိမ်ပေါင်းအနေဖြင့် ဥက္ကဋ္ဌသက်တမ်း အနှစ် (၂၀)ပြည့်မြောက်တော့မည်ဖြစ်သည်။
ယင်းအတွက်ကြောင့် အသင်းတွင်ရှိနေသည့် ကစားသမားအချို့နှင့် ပေါင်းကာ ကြယ်စင်စုအသင်းကို တတိယအကြိမ်မြောက် တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်ပြီး အဓိကပစ်မှတ်ကစားသမားများမှာ PSG တိုက်စစ်မှူး ဘာပေ၊ ဒေ့ါမွန်တိုက်စစ်မှူး ဟော်လန်းတို့ကဲ့သို့ လူငယ်ကြယ်ပွင့်များ ဖြစ်ကြောင်း သိရှိရသည်။
ပီရက်ဇ်၏ ပထမကြယ်စင်စုအသင်းတွင် ဖီဂို၊ ဇီဒန်း၊ ရော်နယ်လ်ဒို၊ ဒေးဗစ်ဘက်ခမ်၊ ရောဘတ်တိုကားလို့စ်၊ ရာအူးလ်စသည့် ကြယ်ပွင့်ကစားသမားများ ပါဝင်ခဲ့ပြီး ယင်းအသင်းသည် လက်ရှိ ရီးယဲလ်မက်ဒရစ်အသင်း၏ ဘဏ္ဍာရေးပိုင်းဆိုင်ရာ အောင်မြင်မှုများအတွက် စတင်အခြေပြုတည်ဆောက်ခဲ့သည့် အသင်းဖြစ်သည်ဟု သုံး သပ်မှုများရှိသည်။
ဒုတိယမြောက်ကြယ်စင်စုအသင်းမှာမူ စီရော်နယ်လ်ဒို၊ ကာကာ၊ ဘန်ဇီမာ၊ အလွန်ဆိုတို့ ကို ခေါ်ယူပြီးနောက် အသင်းတွင် ရှိနေသည့် ကာဆီးလက်စ်၊ ရာမို့စ်၊ မာဆယ်လိုတို့ကဲ့သို့ကစားသမားများနှင့်ပေါင်းကာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွွဲတွင် (၃)နှစ်ဆက် ဗိုလ်စွဲခဲ့ခြင်း အပါအဝင် (၅)နှစ်အတွင်း (၄)ကြိမ်ဗိုလ်စွဲသည်အထိ အောင်မြင်ခဲ့သည်။
ဘာပေသည် PSG အသင်းနှင့် ၂၀၂၂ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ရီးယဲလ်မက်ဒရစ်အသင်းသည် ထိုအချိန်တွင် အလွတ်ပြောင်းရွှေ့ကြေး ဖြင့်ဖြစ်စေ၊ ချယ်လ်ဆီးမှ ဟာဇက်ကို ခေါ်ယူစဉ်ကလို စျေးကွက်တန်ကြေးထက်နိမ့်သည့် စျေးနှုန်းဖြင့် ခေါ်ယူခြင်းမျိုးဖြစ်စေ ပြုလုပ်မည်ဖြစ်ပြီး၊ ဟော်လန်းမှာမူ နှစ်ရှည် စာချုပ်ရှိနေသူဖြစ်ကြောင်း သိရှိရသည်။










