နယူးကာဆယ်ပိုင်ရှင်သစ်အနေဖြင့် လူ့အခွင့်အရေးနှင့်ရုပ်သံမူပိုင်ခွင့် ချိုးဖောက်မှုများအပြင် ရှက်ဖီးယူနိုက်တက်အသင်းကိုလည်း လွှမ်းမိုးနိုင်သည်ဟု ထောက်ပြဝေဖန်မှုများ ရှိနေ

နယူးကာဆယ်ပိုင်ရှင်သစ်အနေဖြင့် လူ့အခွင့်အရေးနှင့်ရုပ်သံမူပိုင်ခွင့် ချိုးဖောက်မှုများအပြင် ရှက်ဖီးယူနိုက်တက်အသင်းကိုလည်း လွှမ်းမိုးနိုင်သည်ဟု ထောက်ပြဝေဖန်မှုများ ရှိနေ
Photo: givemesport
Photo: givemesport
Published 27 April 2020

နယူးကာဆယ်အသင်းအား ဆော်ဒီမင်းသား ရှိတ်မိုဟာမက်ဘင်ဆယ်လ်မန် ကျောထောက်နောက်ခံပြုသော အကျိုးတူစီးပွားရေးအဖွဲ့တစ်ဖွဲ့ကဝယ်ယူရန် စီစဉ်နေရာတွင် ဆန့်ကျင်ကန့်ကွက်မှုများရှိနေပြီး ပရီးမီးယားလိဂ်အဖွဲ့ချုပ်အနေဖြင့် ယင်းအသင်းအရောင်းအဝယ်အား အတည်ပြုချက်မပေးရန် တောင်းဆိုမှုများရှိနေသည်။ 

    နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty Internaional) အပါအဝင် လူ့အခွင့်အရေးအ ဖွဲ့အစည်းအချို့က ဆော်ဒီမင်းသား ရှိတ်မိုဟာမက် ဘင်ဆယ်လ်မန်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ထောက်ပြဝေဖန်မှုများ ပြုလုပ်နေကြသလို၊ ကာတာအခြေစိုက် beIN Sports ရုပ်သံကလည်း ဆော်ဒီအာရေဗျနိုင်ငံ၏ ရုပ်သံမူပိုင်ခွင့်ချိုးဖောက်မှုများကို ထောက်ပြကာ နယူးကာဆယ်အသင်းကို ရှိတ်မိုဟာမက်ဘင်ဆယ်လ်မန်လက်ထဲသို့ မထည့်သင့်ကြောင်း ပရီးမီးယားလိဂ်တာဝန်ရှိသူများကို တောင်းဆိုခဲ့သည်။

    ယခု မိုဟာမက်ဘင်ဆယ်လ်မန်အနေဖြင့် အသင်းအား ဝယ်ယူပြီးပါက ရှက်ဖီးယူနိုက်တက်အသင်းကို လွှမ်းမိုးမှုများ ရှိနိုင်ကြောင်း ၎င်းအား ဆန့်ကျင်သူများက ထပ်မံထောက်ပြခဲ့ကြသည်။ 

ရှက်ဖီးယူနိုက်တက်အသင်းကို ဆော်ဒီမင်းသားတစ်ဦးပင်ဖြစ်သည့် အဗ္ဗဒူလာဘင်မူဆာအက် (၅၅ နှစ်)က ပိုင်ဆိုင်ထားပြီး ၎င်းနှင့် မိုဟာမက်ဘင်ဆယ်လ်မန်(၃၄ နှစ်)တို့မှာ ညီအစ်ကိုဝမ်းကွဲ တော်စပ်ကြောင်း သိရှိရသည်။ အဗ္ဗဒူလာဘင်မူဆာအက်သည်  ရှက်ဖီးယူနိုက်တက်အသင်းအား ၂၀၁၃ ခုနှစ်က  ငွေကြေးရင်းနှီးမြှုပ်နှံမှု စတင်ပြုလုပ်ခဲ့ပြီး ရှယ်ယာ (၅၀) ရာခိုင်နှုန်း ဝယ်ယူခဲ့သည်။ 

ထို့နောက် ၂၀၁၈ ခုနှစ်တွင်  ကလပ်အသင်းအား အလုံးစုံဝယ်ယူခဲ့ပြီး ပြီးခဲ့သည့်ရာသီက ရှက်ဖီးယူနိုက်တက်အသင်းအား လိဂ်ချန်ပီယံရှစ်မှ ပရီးမီးယားလိဂ်သို့ တန်းတက်အောင် ပံ့ပိုးပေးနိုင်ခဲ့သည်။ 

အဗ္ဗဒူလာဘင်မူဆာအက်သည် ဆော်ဒီတော်ဝင်မိသားစုထဲတွင် အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်၏ သြဇာလွှမ်းမိုးမှုကိုခံရသူဖြစ်ရာ ရှက်ဖီးယူနိုက်တက်အသင်းအနေဖြင့် နောင်တစ်ချိန်တွင် နယူးကာဆယ်အသင်း ၏ လွှမ်းမိုးမှုကို ခံရဖွယ်ရှိကြောင်း ထောက်ပြမှုများရှိလာခြင်းဖြစ်သည်။

     လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်သော Fair/Square မှ ယင်းအချက်ကို ထောက်ပြ၍ ပရီးမီးယားလိဂ်အဖွဲ့ချုပ်အနေဖြင့် နယူးကာဆယ်အသင်း၏ အရောင်းအဝယ်ကို လက်မခံဘဲ ငြင်းဆန်ပယ်ချသင့်ကြောင်း တောင်းဆိုခဲ့သည်။ 

ရှိတ်မိုဟာမက် ဘင်ဆယ်လ်မန်သည် ဆော်ဒီသတင်းထောက် ခါရှိုဂီအား သတ်ဖြတ်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်ခဲ့သဖြင့် နိုင်ငံရေးပုံရိပ်ဆိုးရှိသူတစ်ဦးဖြစ်သည်။ 

နယူးကာဆယ်အသင်းအား သူ ငွေကြေးရင်းနှီးမြှုပ်နှံထားသော ဆော်ဒီ Public Investment Fund (PIF)က  (၈၀)ရာခိုင်နှုန်း၊ ဗြိတိန်သူဌေး ဒေးဗစ်ရူဘင်နှင့် ဆိုင်မွန်ရူဘင် ညီအစ်ကိုနှစ်ဦးက (၁၀)ရာခိုင်နှုန်းနှင့် PCP အ ကျိုးတူရင်းနှီးမြှုပ်နှံသူများက (၁၀)ရာခိုင်နှုန်း ဝယ်ယူရန် စီစဉ်ခြင်းဖြစ်ပြီး အရောင်းအဝယ်တန်ဖိုးမှာ ပေါင်သန်း (၃၀၀)ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent