လာလီဂါပြိုင်ပွဲ ပြန်လည်စတင်ချိန်တွင် ပါဝင်ကစားရန် ငြင်းဆန်သည့်အသင်းနှင့် ကစားသမားများကို အရေးယူမည်ဖြစ်ပြီး ရာသီမပြီးဆုံးလျှင်ပင် တန်းဆင်းတန်းတက်ရှိမည်ဟု တီဘက်စ် အတည်ပြု

လာလီဂါပြိုင်ပွဲ ပြန်လည်စတင်ချိန်တွင် ပါဝင်ကစားရန် ငြင်းဆန်သည့်အသင်းနှင့် ကစားသမားများကို အရေးယူမည်ဖြစ်ပြီး ရာသီမပြီးဆုံးလျှင်ပင် တန်းဆင်းတန်းတက်ရှိမည်ဟု တီဘက်စ် အတည်ပြု
Photos: AS,Getty Images
Photos: AS,Getty Images
Published 26 April 2020

လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ ဟာဗီယာတီဘက်စ်က ပြိုင်ပွဲပြန်လည်စတင်ချိန်တွင် ပါဝင်ကစားရန် ငြင်းဆန်သည့်အသင်းနှင့် ကစားသမားများကို အရေးယူမည်ဖြစ်ကြောင်း သတိပေးပြောကြားသည်။

ဧပြီ (၂၄) ရက်ကပြုလုပ်သည့် ADEA  ဒစ်ဂျစ်တယ်ဖိုရမ်တွင် တီဘက်စ်က ''ပွဲတွေ ပြန်ကစားဖို့ အဆင်ပြေပြီလို့ အာဏာပိုင်တွေက ပြောလာတဲ့အချိန်မှာ ကစားဖို့ငြင်းဆန်တဲ့ အသင်းရှိခဲ့ရင် အရင်တုန်းက အရေးယူတဲ့ပုံစံအတိုင်း အဲဒီပွဲကို အရှုံးပေးရမှာပါ။ ထို့ အတူပဲ ပွဲကစားဖို့ငြင်းဆန်တဲ့ ကစားသမား ရှိရင်လည်း အဲဒီသူက အရေးယူခံရမှာပါ။ အဲဒီလို အရေးယူတဲ့ ဆုံးဖြတ်ချက်ကို ပွဲတွေ ပြန်ကစားဖို့ ခွင့်ပြုချက်မရမချင်း လုပ်ဆောင်သွားမှာ မဟုတ်ပါဘူး'' ဟု ပြောကြားသည်။

ယခုရာသီဖျက်သိမ်းရပါက ဆုံးရှုံးမှု ပမာဏမှာ ယူရိုတစ်ဘီလီယံနီးပါး ရှိနိုင်သဖြင့် ရာသီပြီးဆုံးချိန်အထိ ကျင်းပရန် လိုအပ်ပြီး အကယ်၍ ဖျက်သိမ်းရလျှင်ပင် တန်းဆင်း တန်းတက်စနစ်ရှိမည်ဖြစ်ကြောင်း တီဘက်စ် က ဆက်လက်ပြောကြားသည်။ ''စပိန်ပရော် ဖက်ရှင်နယ်ဘောလုံးက စပိန်နိုင်ငံ GDP ရဲ့ (၁.၃၇) ရာခိုင်နှုန်းကို ကိုယ်စားပြုပြီး ဒီ ပြိုင်ပွဲတွေကနေ အလုပ်အကိုင်အခွင့်အလမ်း (၁၈၀,၀၀၀) ကျော်အထိ ဖန်တီးပေးထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု ထပ်မရှိ တော့အောင်လုပ်ဖို့ လိုအပ်သလို လုပ်ငန်းခွင် တွေဆီကို တတ်နိုင်သမျှ အစောဆုံးပြန်နိုင်ဖို့လည်း လိုအပ်ပါတယ်။ ရာသီပြီးဆုံးတဲ့အထိ မကျင်းပနိုင်ဘူးဆိုရင် ယူရိုသန်းပေါင်းများစွာ ဆုံးရှုံးမှာပါ။ ဆုံးရှုံးမှုပမာဏက ယူရိုတစ်ဘီလီ ယံအထိရှိနိုင်တယ်လို့ ကျွန်တော်တို့တွက်ချက်ထားပါတယ်။ တကယ်လို့ ပရိသတ်တွေမပါဘဲ ကွင်းပိတ်ကစားပြီးတော့ ရာသီကုန်တဲ့အထိ ကျင်းပနိုင်မယ်ဆိုရင် ဆုံးရှုံးမှုက ယူရိုသန်း (၃၅၀) ရှိမှာပါ။ ကျွန်တော်တို့အနေနဲ့ တစ်ဆင့် ချင်းအလိုက်သွားနိုင်ဖို့ လိုပါတယ်။ ပြိုင်ပွဲကို ဇူလိုင် (၃၁) ရက်မှာ အပြီးကျင်းပဖို့ သတ်မှတ်ထားပေမဲ့ လိုအပ်လာရင် ထပ်တိုးလို့ရပါ တယ်။ လာလီဂါရာသီပြီးဆုံးအောင် ဆက်မကျင်းပနိုင်ဘူးဆိုရင်လည်း ပထမတန်းနဲ့ ဒုတိယတန်းပြိုင်ပွဲကို အသင်းအရေအတွက်  ထပ်တိုးဖို့မရှိပါဘူး။ တန်းဆင်းစနစ်ကရှိနေမှာပါ။ ဒါပေမဲ့ ရာသီကုန်တဲ့အထိ ကျင်းပရေးက အရေးကြီးတယ်ဆိုတာ UEFA ကလည်း ညွှန်ကြားထားပါတယ်'' ဟု ၎င်းက ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လာလီဂါပြိုင်ပွဲ ရပ်နားထားချိန်တွင် တန်းဆင်းဇုန် အဆင့် (၁၈) မှ (၂၀) အတွင်း မာယော့ကာ၊ လီဟာနက်စ် နှင့် အက်စ်ပန်ညိုအသင်းတို့ ရပ်တည်နေပြီး ဆီဂန်ဒါပြိုင်ပွဲ တိုက်ရိုက်တန်းတက်ခွင့်နေရာတွင် ကာဒစ်ဇ်နှင့် ဇာရာဂိုဇာ၊ Play-off ကစားရမည့်နေရာတွင် အယ်လ်မီရီယာ၊ ဟူဆကာ၊ ဟီရိုနာနှင့် အယ်လ်ချီအသင်းတို့ ရပ် တည်လျက်ရှိကြောင်း သိရသည်။ လက်ရှိ အခြေအနေအရ လာလီဂါနှင့် ဆီဂန်ဒါပြိုင်ပွဲ များ ပြန်လည်စတင်နိုင်ပါက ဒီဇင်ဘာအထိ ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရဖွယ်ရှိ ကြောင်း ခန့်မှန်းထားသည်။

 

Most Read

Most Recent