PSG အသင်းတိုက်စစ်မှူး နေမာ၏ အေးဂျင့်ဖြစ်သူ ရီဘီရီယိုက ရီးယဲလ်မက်ဒရစ် ပီရက်ဇ်အနေဖြင့် နေမာအား ခေါ်ယူရန်အိပ်မက်ခဲ့သည်ဟု ပြီးခဲ့သည့်မေလက မိမိအားပြောကြားခဲ့ ကြောင်း ဖွင့်ဟခဲ့သည်။
ဘရာဇီးလ်နာမည်ကျော် အေးဂျင့်ဖြစ်သူ ရီဘီရီယိုသည် လက်ရှိတွင် နေမာ၏အေးဂျင့်အဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်အနေဖြင့် မိမိနှင့်တွေ့ဆုံကာ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ESPN သတင်းဌာနနှင့်တွေ့ဆုံစဉ် ဖွင့်ဟခဲ့ခြင်းဖြစ်သည်။
အသက် (၂၈)နှစ်အရွယ်ရှိ ဘရာဇီးလ်တိုက်စစ်မှူးနေမာသည် ရီးယဲလ်အသင်း၏ ကာလရှည်ပစ်မှတ်ဖြစ်ခဲ့ဖူးသော်လည်း မက်ဒရစ်သို့ ပြောင်းရွှေ့နိုင်ခဲ့ခြင်းမရှိဘဲ လက်ရှိအချိန်တွင် အသင်းဟောင်းဘာစီလိုနာအသင်းထံပြန်လည်ပြောင်းရွှေ့ရန် သတင်းများထွက်ပေါ်နေသူဖြစ်သည်။

ပီရက်ဇ်နှင့် ပတ်သက်ပြီး ရီဘီရီယိုက ''ကျွန်တော်မက်ဒရစ်ကို အကြိမ်များစွာသွားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ဖလော်ရန်တီနို (ပီရက်ဇ်)မှာ နေမာကိုခေါ်ဖို့အိပ်မက်ရှိနေလို့ပါ။ ပြီးခဲ့တဲ့နှစ်မေလက သူ့ (ပီရက်ဇ်)ရုံးခန်းမှာ ကျွန်တော်နဲ့တွေ့ဆုံခဲ့ပြီး သူ့အနေနဲ့ နေမာကိုခေါ်ယူဖို့ အိပ်မက်ရှိနေကြောင်းပြောခဲ့ပါတယ်" ဟုဖွင့်ဟခဲ့သည်။
နေမာသည်ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကတည်းက PSG အသင်းမှထွက်ခွာရန်နီးစပ်ခဲ့သူဖြစ်ပြီး နေမာ၏ အတည်အကျမရှိသည့် ပြောင်းရွှေ့ကြေးက ရီးယဲလ်အတွက် အဟန့်အတားဖြစ်ခဲ့ကြောင်းလည်း ရီဘီရီယိုက ဝန်ခံခဲ့သည်။
''သူတို့ (ရီးယဲလ်)အနေနဲ့ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ နေမာကိုမခေါ်ယူနိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုရင်တော့ နေမာရဲ့ပြောင်းရွှေ့ကြေးဟာ တိတိကျကျမရှိလို့ပါပဲ။ PSG အသင်းဟာ နေမာရဲ့ပြောင်းရွှေ့ကြေးကို ယူရိုသန်း (၅၀၀)အထိပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ နေမာဟာ PSG အသင်းနဲ့ ကာလရှည်စာချုပ်သက်တမ်းကျန်နေလို့ပါပဲ" ဟု ရီဘီရီယိုက ပြောကြားခဲ့သည်။

ထို့ပြင် ရီဘီရီယိုက ယခုရာသီတွင်မူ နေမာ၏ပြောင်းရွှေ့ကြေးမှာ ယူရို (၁၆၄)သန်းအထိ ရှိနိုင်ကြောင်းလည်းပြောကြားခဲ့သည်။
နေမာသည် လာမည့်နွေရာသီအပြောင်းအရွှေ့တွင် PSG အသင်းမှထွက်ခွာရန် နီးစပ်နေသူဖြစ်ပြီး PSG အသင်းအနေဖြင့်လည်း အသင်းတွက် ဆက်မကစားလိုသည့် နေမာအား ထိုက်သင့်သည့်ပြောင်းရွှေ့ကြေးရပါက ရောင်းချဖွယ်ရှိနေကြောင်း ဥရောပမီဒီယာများက ဖော်ပြလျက်ရှိသည်။










