ပရီးမီးယားလိဂ်တာဝန်ရှိသူများသည် ဘဏ်လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဂယ်ရီဟော့ဖ်မန်းကို ဥက္ကဋ္ဌသစ်အဖြစ် ခန့်အပ်ရန် စီစဉ်နေပြီး သောကြာနေ့တွင် အတည်ပြုကြေညာဖွယ်ရှိကြောင်း သိရှိရသည်။
ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ရစ်ချက်စကူဒါမိုးနှင့် လမ်းခွဲပြီးကတည်းက ဥက္ကဋ္ဌရာထူး လစ်လပ်နေခဲ့ခြင်းဖြစ်ပြီး ကြားကာလအတွင်း ဥက္ကဋ္ဌသစ် ခန့်အပ်ရန် ကြိုးပမ်းမှုများမှာလည်း အဆင်မပြေခဲ့ပေ။
ယခုအခါ လက်ရှိပရီးမီးယားလိဂ်အမှုဆောင်ချုပ် ရစ်ချက်မာစတာစ်၏ မိတ်ဆွေတစ်ဦးဖြစ်ပြီး ဘဏ်လုပ်ငန်းအတွေ့အကြုံနှစ်ပေါင်း(၄၀)ကျော်ရှိနေသည့် ဂယ်ရီဟော့ဖ်မန်းကို ဥက္ကဋ္ဌသစ်အဖြစ် ခန့်အပ်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
အသက်(၆၀)ရှိပြီဖြစ်သည့် ဂယ်ရီဟော့ဖ်မန်းသည် ကိုဗင်ထရီအသင်း၏ ပရိသတ်တစ်ဦးဖြစ်ပြီး ဘောလုံးလောကတွင် အတွေ့အကြုံများစွာရှိထားသူဖြစ်ကြောင်းလည်း သိရှိရသည်။
ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် သောကြာနေ့တွင် ပြုလုပ်မည့် ကလပ်အသင်းရှယ်ယာရှင်များအစည်းအဝေး၌ ဂယ်ရီဟော့ဖ်မန်းကို ဥက္ကဋ္ဌသစ်အဖြစ် ခန့်အပ်ကြောင်း ကြေညာရန် စီစဉ်ထားသည်ဟု သိရှိရသည်။










