စီရော်နယ်လ်ဒိုအနေဖြင့် ဘောလုံးပွဲများ ပြန်လည်စတင်ချိန်တွင် ကြ့ံခိုင်မှုအပြည့်ဖြစ်နေစေရန် လေ့ကျင့်ခန်းဆင်းခဲ့သည်ဟု ယူဆရပြီး ပရိသတ်များ၏ ချီးကျူးမှုကို ခံခဲ့ရသော်လည်း "အိမ်ထဲတွင်သာ နေပါ"စည်းမျဉ်းကို ချိုးဖောက်သကဲ့သို့ဖြစ်နေ၍ ကျန်းမာရေးအာဏာပိုင်၏ သတိပေးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
နေအိမ်တွင် မနေဘဲ လေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်ခန်းဆင်းခဲ့သော ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုအား အထူးအခွင့်အရေးမရှိဟု ဒေသတွင်းကျန်းမာရေးအာဏာပိုင်က သတိပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက မဒဲရားအမျိုးသားဘောလုံးကွင်းအတွင်း စီရော်နယ်လ်ဒို လေ့ကျင့်ခန်းဆင်းနေသည့် ဓာတ်ပုံများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။

၎င်းအနေဖြင့် ဘောလုံးပွဲများ ပြန်လည်စတင်ချိန်တွင် ကြ့ံခိုင်မှုအပြည့်ဖြစ်နေစေရန် လေ့ကျင့်ခန်းဆင်းခဲ့သည်ဟု ယူဆရပြီး ပရိသတ်များ၏ ချီးကျူးမှုကို ခံခဲ့ရသော်လည်း "အိမ်ထဲတွင်သာ နေပါ"စည်းမျဉ်းကို ချိုးဖောက်သကဲ့သို့ဖြစ်နေ၍ ကျန်းမာရေးအာဏာပိုင်၏ သတိပေးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
မဒဲရားဒေသတွင်းကျန်းမာရေးဆိုင်ရာအတွင်းရေးမှူး ပတ်ဒရိုရာမို့စ်က "ရော်နယ်လ်ဒိုအတွက် လေ့ကျင့်ခန်းဆင်းဖို့ အထူးခွင့်ပြုချက် မရှိပါဘူး။ သူ့မှာ လေ့ကျင့်ဖို့ အခွင့်အရေးရှိပေမယ့် တခြားပြည်သူတွေလိုပဲ စည်းကမ်းတွေကို လိုက်နာရပါမယ်။ အထူးအခွင့်အရေးမရှိပါဘူး။ ပြည်သူတွေက လေ့ကျင့်ခန်းဆင်းဖို့ အိမ်ကနေ ထွက်ခွာကြမယ်ဆိုရင် လူစုလူဝေး ဖြစ်လာနိုင်ပါတယ်။ ဒါကို သူ သိထားရပါမယ်။ သူ့အတွက်ဆိုပြီး အထူးအခွင့်အရေးမရှိပါဘူး။ အားလုံးဟာ ကပ်ဘေးကို ရင်ဆိုင်နေကြရတာပါ။ ကမ္ဘာ့အကောင်းဆုံးကစားသမားအနေနဲ့ ဥပမာကောင်း ဖြစ်ဖို့ လိုပါတယ်။ သူက ခဏပဲ လေ့ကျင့်ခဲ့တာမို့ တခြားသူတွေအတွက် ထိခိုက်မိစေတာတော့ မရှိခဲ့ပါဘူး"ဟု သတင်းထောက်များသို့ ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် မတ်လ(၈)ရက်နေ့ နောက်ဆုံးအကြိမ် ဘောလုံးကစားခဲ့ရပြီးနောက် ကမ္ဘာတစ်ဝှမ်းတွင် COVID-19 ပြန့်ပွားမှုအခြေအနေပြင်းထန်လာသဖြင့် ဘောလုံးပွဲများကို အသီးသီး ရပ်ဆိုင်းခဲ့ရသည်မှာ တစ်လခန့်ရှိနေပြီဖြစ်သည်။










