နည်းပြအဲရစ်ဆင်၏ ရွှေရောင်မျိုးဆက် အင်္ဂလန်အသင်းတွင် ပေါလ်စခိုးလ်သည် ကွင်းလယ်ဘယ်တောင်ပံတွင် ကစားခဲ့ရပြီး ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့ရာ ပရိသတ်များနှင့် ဘောလုံးသုံးသပ်သူများက ဘယ်တောင်ပံတွင် ကစားရ၍ ပေါလ်စခိုးလ် အနားယူခဲ့ခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသည်။
မန်ယူဂန္ထဝင်ကွင်းလယ်လူ ပေါလ်စခိုးလ်က အင်္ဂလန်လက်ရွေးစင်အသင်းမှ စောစီးစွာ အနားယူခဲ့ခြင်းအား နောင်တရနေသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
ပေါလ်စခိုးလ်သည် ယူရို-၂၀၀၄ အပြီးတွင် လက်ရွေးစင်အသင်းမှ အနားယူခဲ့ပြီး ထိုစဉ်က သူ၏အသက်မှာ (၂၉)နှစ်သာရှိသေးသည်။

နည်းပြအဲရစ်ဆင်၏ ရွှေရောင်မျိုးဆက် အင်္ဂလန်အသင်းတွင် ပေါလ်စခိုးလ်သည် ကွင်းလယ်ဘယ်တောင်ပံတွင် ကစားခဲ့ရပြီး ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့ရာ ပရိသတ်များနှင့် ဘောလုံးသုံးသပ်သူများက ဘယ်တောင်ပံတွင် ကစားရ၍ ပေါလ်စခိုးလ် အနားယူခဲ့ခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသည်။
ပေါလ်စခိုးလ်က "ဘယ်တောင်ပံမှာ ကစားရတာက ပြဿနာတစ်ခု မဟုတ်ပါဘူး။ အဲဒီအချိန်မှာ ကျွန်တော့်မိသားစု(ကလေးများကိုဆိုလို)က အရမ်းငယ်သေးတယ်။ သူတို့ကို ထားခဲ့ပြီး နိုင်ငံအသင်းနဲ့ လိုက်သွားရတာက အဆင်မပြေဘူး။ ကျွန်တော့့်ကို မပျော်ရွှင်စေဘူး။ ကျွန်တော့် လက်ရွေးစင်အသင်း နောက်ပိုင်းပွဲတွေက မကောင်းတော့ဘူး။ လမ်းပတ်နဲ့ ဂျရတ်တို့က ဂရိတ်ပလေယာတွေပါ။ ကျွန်တော် ဘယ်ခြမ်း ရောက်သွားတယ်။ အဲဒါကြောင့် အနားယူရတာ မဟုတ်ပါဘူး။ ပုဂ္ဂလိကရွေးချယ်မှုပါပဲ" ဟု BBC Radio 5 တွင် ပြောကြားခဲ့သည်။

အနားယူပြီးနောက်ပိုင်း ပေါလ်စခိုးလ်သည် ကစားပုံပြောင်းလဲကစားခဲ့ပြီး Deep-lying Playmaker ကစားပုံဖြင့် ဂုဏ်သတင်းပြန်လည်ကျော်စောလာခဲ့သည်။
အင်္ဂလန်နည်းပြ ကာပယ်လိုသည် ၂၀၁၀ ကမ္ဘာ့ဖလားတွင် ပေါလ်စခိုးလ်အား အသင်းအတွက် ပြန်ကစားပေးရန် တောင်းဆိုခဲ့သော်လည်း ပေါလ်စခိုးလ်က ပယ်ချခဲ့သည်။

ယင်းဆုံးဖြတ်ချက်ကို နောင်တရမိကြောင်း ပေါလ်စခိုးလ်က "နိုင်ငံအသင်းက စောစော အနားယူခဲ့တာကို နောင်တရတယ်။ နေရာအသစ်မှာ ကျွန်တော် ခြေစွမ်းပြနိုင်ခဲ့တာလေ။ အင်္ဂလန်မှာ ဘယ်တုန်းကမှ မကစားခဲ့တဲ့ ပုံစံပေါ့။ အဲဒီနေရာကို ကြိုက်ပါတယ်။ ပြန်ကစားပေးဖို့ တောင်းဆိုခံရပေမယ့် မကစားဖြစ်ခဲ့ပါဘူး။ ကာပယ်လိုရဲ့ လက်ထောက် ပီယာ့စ်ဆီကနေ ၂၀၁၀ ကမ္ဘာ့ဖလားမတိုင်မီ ဖုန်းခေါ်ခံရတာပါ။ ခြေစစ်ပွဲတွေ ကျွန်တော် မကစားခဲ့ဘဲ ဒီလိုအချိန်မှ ဝင်ကစားတာကို မှားတယ်လို့မြင်တယ်။ ကာပယ်လိုကိုယ်တိုင် ဖုန်းဆက်ရင်တော့ ဆုံးဖြတ်ချက် ပြောင်းကောင်းပြောင်းနိုင်ပါတယ်။ နောင်တတော့ နည်းနည်းရမိတယ်"ဟု ဖွင့်ဟခဲ့သည်။










