COVID-19 ရောဂါကြောင့် ပြိုင်ပွဲရွှေ့ဆိုင်းထားသော်လည်း ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲအတွက် ယခင်ကထက် အဆင်သင့်ဖြစ်နေကြောင်း မြန်မာ MMA ကစားသမား အောင်လအန်ဆန် ပြောကြား

COVID-19 ရောဂါကြောင့် ပြိုင်ပွဲရွှေ့ဆိုင်းထားသော်လည်း ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲအတွက် ယခင်ကထက် အဆင်သင့်ဖြစ်နေကြောင်း မြန်မာ MMA ကစားသမား အောင်လအန်ဆန် ပြောကြား
Photos : Facebook
Photos : Facebook
Published 9 April 2020

မြန်မာ MMA ကစားသမား အောင်လအန်ဆန်က ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင်ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် ပြိုင်ပွဲများ ရွှေ့ဆိုင်းထားသော်လည်း ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဆုကာကွယ်ပွဲအတွက် ယခင်ကထက် အဆင်သင့်ဖြစ်နေကြောင်း ပြောကြားသည်။

အောင်လအန်ဆန်သည် ONE Championship က ကြီးမှူးကျင်းပလျက်ရှိသည့် MMA ပြိုင်ပွဲ၏ ၀ိတ်တန်း (၂) ခုချန်ပီယံဖြစ်ပြီး ဧပြီ (၁၀) ရက်တွင် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ ချန်ပီယံကာကွယ်ပွဲအဖြစ် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရ မည်ဖြစ်သည်။

သို့သော် ကမ္ဘာ့နိုင်ငံအနှံ့အပြား တွင်ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ONE Championship အနေဖြင့် ယခုကာလ အတွင်း ကျင်းပမည့်ပြိုင်ပွဲအားလုံး ရွှေ့ဆိုင်း ထားရပြီး အောင်လအန်ဆန်၏ ချန်ပီယံကာ ကွယ်ပွဲပါဝင်သည့် ONE Infinity-1 ပြိုင်ပွဲ ကိုလည်း မေလနောက်ဆုံးပတ်သို့ ရွှေ့ဆိုင်း ထားသည်။ သို့ဖြစ်ရာ အောင်လအန်ဆန်က ''ကျွန်တော် ချန်ပီယံကာကွယ်ပွဲထိုးသတ်ဖို့ မူလစီစဉ်ထားပေမဲ့ ကံမကောင်းစွာဘဲ ရက် ကိုရွှေ့ဆိုင်းလိုက်ရပါတယ်။ ဒါပေမဲ့ အခု ကျွန်တော် အရင်ကထက်ပိုပြီး ယှဉ်ပြိုင်ထိုး သတ်ဖို့ အဆင်သင့်ဖြစ်ပြီး ဒီအတောအတွင်း ပိုပြီး ကျန်းမာသန်စွမ်းနေပါတယ်။ အိပ်ရေး ဝဝအိပ်ဖို့ကတော့ အရေးကြီးတဲ့အချက်ပါပဲ'' ဟု  Facebook တွင် ရေးသားထားကြောင်း သိရသည်။

အောင်လအန်ဆန်သည် COVID-19 ရောဂါကြောင့် ပြိုင်ပွဲများ ယှဉ်ပြိုင်ရခြင်း မရှိသည့်အပြင် ၎င်း၏ လေ့ကျင့်ရေးစင်တာ၌လေ့ကျင့်ခွင့်မရသော်လည်း နေအိမ်တွင် လေ့ကျင့်မှုများ စဉ်ဆက်မပြတ်ပြုလုပ်လျက်ရှိသည်။ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲကို မေလနောက်ဆုံးပတ်တွင် ကျင်းပဖြစ်ပါက အဆင်သင့်ဖြစ်နေစေရန်အတွက် လေ့ကျင့်မှု စဉ်ဆက်မပြတ်ပြုလုပ်နေ ခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် ဇွန် (၃၀) ရက်တွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာပြီးနောက် ယခု ထိုးသတ်ရမည့်ပွဲမှာ (၄)ပွဲမြောက် ကမ္ဘာ့ချန် ပီယံဆုကာကွယ်ပွဲဖြစ်သည်။ အောင်လအန်ဆန်သည် ၎င်းအနိုင်ယူပြီး ချန်ပီယံဆုရယူနိုင်ခဲ့သည့် ပြိုင်ဘက်ဟောင်း ဗစ်တာလီဘစ် ဒက်ရှ်နှင့် ပြန်လည်တွေ့ဆုံခြင်းဖြစ်ပြီး ကစားသမားဘဝ (၃)ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ကာ ပြီးခဲ့သည့် (၂)ကြိမ်တွင် တစ်ပွဲစီ အနိုင်ရ ထားသည်။

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲများ အဖြစ် ဂျပန်နိုင်ငံသား ဟဆဲဂါ၀ါနှင့် (၂)ပွဲ၊ လက်ဘနွန်နိုင်ငံသား ကရာကီနှင့်တစ်ပွဲ ယှဉ် ပြိုင်ထိုးသတ်ရာ (၃)ပွဲစလုံး အနိုင်ရထားပြီး ကမ္ဘာ့ချန်ပီယံသက်တမ်းမှာ (၃)နှစ်နီးပါးရှိ လာပြီဖြစ်သည်။

အောင်လအန်ဆန်သည် လိုက်ဟဲဗီး ၀ိတ်တန်း ကမ္ဘာ့ချန်ပီယံတစ်ဦးလည်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီတွင် ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲ (၃)ပွဲ ထိုးသတ်ပြီးဖြစ်သော်လည်း လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲ (၁)ပွဲသာ ထိုးသတ်ရသေးပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ ဘရန်ဒန်ဗီရာနှင့် ထိုးသတ်ရာ ဒုတိယအချီမှာပင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။

Most Read

Most Recent