MNL ကလပ်အသင်းများ ပြန်လည်လေ့ကျင့်မည့်အစီအစဉ်ကို သင်္ကြန်အပြီး COVID-19 ရောဂါအပေါ်မူတည်၍ ဆုံးဖြတ်ဖွယ်ရှိ

MNL ကလပ်အသင်းများ ပြန်လည်လေ့ကျင့်မည့်အစီအစဉ်ကို သင်္ကြန်အပြီး COVID-19 ရောဂါအပေါ်မူတည်၍ ဆုံးဖြတ်ဖွယ်ရှိ
Photo : MNL Facebook
Photo : MNL Facebook
Published 9 April 2020

MNL ကလပ်အသင်းများ ပြန်လည်လေ့ကျင့်မည့်အစီအစဉ်ကို သင်္ကြန်အပြီး COVID-19 ရောဂါအပေါ်မူတည်၍ ဆုံးဖြတ်ဖွယ်ရှိ

မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်း များအနေဖြင့် မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးရှိသူ တွေ့ရှိပြီးနောက် မတ် (၂၄) ရက် မှစ၍လေ့ကျင့်မှုရပ်နားထားပြီး ပြန်လည် လေ့ကျင့်မည့်အစီအစဉ်ကို သင်္ကြန်ကာလအပြီး ရောဂါအခြေအနေအပေါ်မူတည်၍ ဆုံးဖြတ်ဖွယ်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ပြည်တွင်းပြိုင်ပွဲများအားလုံးကို မတ် (၂၄) ရက် မှစ၍ ရက်အကန့်အသတ်မရှိ ရပ်နားကြောင်း ထုတ်ပြန်ခဲ့ပြီးကလပ်အသင်းအားလုံးမှာ လည်း ယင်းနေ့မှစ၍ လေ့ကျင့်မှုရပ်နားခဲ့သည်။ မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ပြိုင်ပွဲပြန်လည်စတင်ပါက တစ်လဝန်းကျင်ကြိုတင်အကြောင်းကြားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသော်လည်း ကလပ်အသင်း အများစုမှာ သင်္ကြန်အပြီး အခြေအနေကို စောင့်ကြည့်နေခြင်းဖြစ်သည်။

''ပြိုင်ပွဲတွေ ရပ်နားပြီလို့ မြန်မာနေရှင်နယ်လိဂ်ကော်မတီက တရားဝင်ထုတ်ပြန်ပြီးတဲ့အချိန်မှာ ကျွန် တော်တို့အနေနဲ့ သင်္ကြန်အပြီးထိ လေ့ကျင့်မှုရပ်နားခဲ့ပါတယ်။ ရောဂါအခြေအနေမသိ သေးတဲ့အတွက် သင်္ကြန်အပြီး အခြေအနေ ကို စောင့်ကြည့်ချင်တာကြောင့်လည်း ပါပါ တယ်။ သင်္ကြန်ပြီးရင်ရောဂါအခြေအနေ အပေါ်မူတည်ပြီး ဆုံးဖြတ်မှာပါ။ ကစားသမား တွေကို လေ့ကျင့်မှုရပ်နားတဲ့အချိန်မှာ တစ်ဦး ချင်း လေ့ကျင့်မှုတွေလုပ်ဖို့ ပြောထားပေမဲ့ပရော်ဖက်ရှင်နယ်ကစားသမားတွေဖြစ်တဲ့ အတွက် ဒါတွေကို ပြောစရာမလိုဘဲ ကိုယ့် အသိစိတ်နဲ့ကိုယ် လေ့ကျင့်မှုပြုလုပ်နေဖို့ လို ပါတယ်။ပရော်ဖက်ရှင်နယ်ကစားသမား တစ်ဦးအနေနဲ့ ကိုယ့်ရဲ့အရည်အသွေး တိုးတက်နေဖို့ လေ့ကျင့်မှု မပြတ်သင့်ပါဘူး'' ဟု MNL ကလပ်အသင်းမှနည်းပြတစ်ဦးက ပြောကြားသည်။

MNL နှင့် MNL-2  ကလပ်အသင်း များအပါအဝင် ယူ-၂၁ နှင့် ယူ-၁၉ လိဂ်ပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် အသင်းစုစု ပေါင်း (၅၉) သင်းစလုံးလေ့ကျင့်မှုရပ်နားထား ပြီး ပြည်တွင်းပြိုင်ပွဲအားလုံးမှာလည်း နှစ်လယ်ပိုင်း နောက်ပိုင်းမှသာ အစောဆုံးကျင်းပ နိုင်ဖွယ်ရှိနေသည်။

ရောဂါအခြေအနေ ပျောက်ကင်းသွားလျှင်ပင် ဘောလုံးပြိုင်ပွဲ များကို ချက်ချင်းပြန်လည်စတင်ကျင်းပနိုင်ရန် မဖြစ်နိုင်သေးဘဲ ကလပ်အသင်းများ ပြင်ဆင်ချိန်ရရှိစေရန် အနည်းဆုံး တစ်လဝန်းကျင် အချိန်ပေးရမည်ဖြစ်သည်။ မြန်မာ နေရှင်နယ်လိဂ်ကော်မတီသည် ယခုရာသီ တွင် လိဂ်ပြိုင်ပွဲလေးပွဲနှင့်ရှုံးထွက်ပြိုင်ပွဲတစ်ပွဲ ကျင်းပလျက်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်များကို ဧပြီ (၈)၊ (၉) ရက်တွင် စတင်ကျင်းပရန်စီစဉ်ထားသော်လည်း ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

နိုင်ငံတကာပြိုင်ပွဲများမှာလည်း ရွှေ့ဆိုင်းထားသောကြောင့် ရောဂါပျောက်ကင်းမှု နောက်ကျပါက နှစ်ကုန်ပိုင်းတွင် ပြည်တွင်း၊ ပြည်ပပြိုင်ပွဲများ တိုက်ဆိုင်မှုနှင့်ကြုံတွေ့ရ ဖွယ်ရှိနေသည်။

 

Most Read

Most Recent