ဘိုင်ယန်မြူးနစ်အသင်းသည် လေ့ကျင့်ရေးအစီအစဉ်များ ပြန်လည်စတင်ခဲ့ပြီး ဂျာမနီအစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ လေ့ကျင့်ရေးပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဘွန်ဒစ်လီဂါပွဲစဉ်များကို ဧပြီ(၃၀)ရက်နေ့အထိ ရပ်ဆိုင်းထားရသည်။
ပြီးခဲ့သည့်အပတ်ကစ၍ ဒေါ့မွန်၊ ရှော်လ်ကေးတို့ကဲ့သို့ ထိပ်သီးအသင်းများသည် လေ့ကျင့်ရေးများ ပြန်လည်ပြုလုပ်နေပြီဖြစ်ပြီး ယခုအခါ ဘိုင်ယန်မြူးနစ်အသင်းကပါ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ လေ့ကျင့်ခန်းဆင်းရာတွင် မည်သည့်ပရိသတ်မျှ လာမကြည့်စေရန် အသင်း၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။
လိဂ်အဖွဲ့ချုပ် (DFL)က ဘွန်ဒစ်လီဂါအသင်းများ အနေဖြင့် ဧပြီ(၅)ရက်နေ့မှစတင်ကာ လေ့ကျင့်ရေးအစီအစဉ်များ ပြန်လည်ပြုလုပ်နိုင်ပြီဖြစ်ကြောင်း ခွင့်ပြုချက်ထုတ်ပေးထားသည်။
ဘိုင်ယန်မြူးနစ်က ''ပထမအသင်းအနေနဲ့ Sabener Strasse မှာ လေ့ကျင့်ရေးပြုလုပ်သွားမှာပါ။ အစိုးရရဲ့ လမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်တာဖြစ်ပြီး တင်းကျပ်တဲ့ကျန်းမာရေးစည်းကမ်းတွေနဲ့ ထိန်းချုပ်ထားပါတယ်။ အုပ်စုသေးသေးလေးတွေနဲ့ ခွဲ ခြားလေ့ကျင့်ရမှာပါ။ ပရိသတ်တစ်ဦးတစ်ယောက်မှ ကွင်းအနား ရှိခွင့်မပြုပါဘူး''ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။
နာမည်ကျော်ဗိုင်းရပ်စ်ပညာရှင် အလက်ဇန္ဒားကယ်ကူလီက ဘွန်ဒစ်လီဂါပြိုင်ပွဲအား မကြာမီစတင်နိုင်လိမ့်မည်ဟု သုံးသပ်ထားသည်။










