မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်)၊ သုဝဏ္ဏဘောလုံးကွင်းရှိ နားနေဆောင်နှင့် တာမွေမြို့နယ်ရှိ AYA Bank သင်တန်းကျောင်းတွင်ထားရှိသည့် ကိုရိုနာ ဗိုင်းရပ်စ်စောင့်ကြည့်ခံရသူများအတွက် တစ်နေ့လျှင် ကျပ်သိန်း (၅၀) ကျော်အကုန်အကျခံ၍ ကျွေးမွေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ခံရသူများထားရှိရန် နေရာများ စီစဉ်ပေးရုံသာမက နံနက်၊ နေ့လယ်နှင့် ညစာအတွက်ပါ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

''ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ခံလူနာ တွေထားရှိဖို့ ကျွန်တော်တို့ဘက်ကရော ဥက္ကဋ္ဌတည်ထောင်ထားတဲ့ AYA Bank နဲ့ ဧရာဝတီဖောင်ဒေးရှင်းတို့ကပါ တာဝန်ယူဆောင်ရွက်နေပါတယ်။ နေရာ (၃)ခုမှာ စောင့်ကြည့်ခံရသူ (၂၀၀) ကျော်အပြင် ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုပါ ထားရှိပေးထားပါတယ်။ စေတနာ့ဝန်ထမ်းတွေပါ ထည့်တွက်ရင် အင်အား (၂၆၀) ကျော်လောက် ရှိပါတယ်။ စောင့်ကြည့်ခံရသူတွေရော ကျန်တဲ့ ဆရာဝန်တွေ၊ စေတနာ့ဝန်ထမ်းတွေ အားလုံးကို ဥက္ကဋ္ဌ ဦးဇော်ဇော်ကပဲ တာဝန်ယူ ကျွေးမွေးနေတာဖြစ်ပါတယ်။ တစ်နေ့ကို ကျပ်သိန်း (၅၀) ကျော်လောက် ကုန်ကျပြီး ကျပ် (၅၅) သိန်းကနေ (၆၀) ကြားလောက်ရှိပါတယ်။ အမျိုးသားဘောလုံးအကယ်ဒမီနဲ့ AYA Bank သင်တန်းကျောင်းမှာ စတင်ထားရှိပြီး နောက်ပိုင်းမှာ လက်ရွေးစင်ကစားသမားတွေရဲ့ နားနေဆောင်တွေမှာ ဆက်လက်ထားရှိ ခဲ့တာဖြစ်ပါတယ်။ စောင့်ကြည့်ခံရသူတွေ ထားရှိတဲ့နေရာကို ပြင်ဆင်တာတွေလုပ်ခဲ့တဲ့ အပြင် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ကိုလည်း အသစ်ဝယ်ယူပြီး စီစဉ်ပေးထားတာ ဖြစ်ပါတယ်။ အခုအချိန်ထိ ကျွေးမွေးစရိတ်၊ ပြင်ဆင်တာ၊ လိုအပ်တာတွေ ဝယ်ယူတာတွေ နဲ့ဆိုရင် ကုန်ကျတာ ကျပ်သိန်း (၂၀၀၀) ကျော် သွားပါပြီ။ အစားအသောက်ချက်ပြုတ်တာ တွေကိုတော့ နိုဗိုတယ်ဟိုတယ် စားဖိုမှူးအဖွဲ့ နဲ့ Goal ဟိုတယ် စားဖိုမှူးအဖွဲ့က တာဝန်ယူ တာဖြစ်ပါတယ်။ ဥက္ကဋ္ဌအနေနဲ့ ပုံမှန်ကျွေးမွေး နေတဲ့နေရာတွေအပြင် လိုအပ်တဲ့နေရာတွေ ရှိရင်လည်း အစားအသောက်တွေ လှူဒါန်း နေပါတယ်'' ဟု MFF အထွေထွေအတွင်း ရေးမှူး ဦးကိုကိုသိန်းက ပြောကြားသည်။

အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) နှင့် သုဝဏ္ဏဘောလုံးကွင်းမှ လက်ရွေးစင်ကစားသမားများ နားနေဆောင်တွင် ထားရှိသည့် စောင့်ကြည့်ခံရသူများ၊ ဆရာဝန် နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ဧပြီ (၃) ရက် ညပိုင်းတွင် နာမည်ကြီးတေးသံရှင် နီနီခင်ဇော်က တေးသီချင်းများဖြင့် လာရောက် ဖျော်ဖြေခဲ့သည်။ ထို့ပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဧပြီ (၄) ရက် နံနက်ပိုင်းက ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်ခံရသူများထားရှိသည့် အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) နှင့် သုဝဏ္ဏဘောလုံးကွင်းမှ လက်ရွေးစင်ကစားသမားများ နားနေဆောင် တို့ကို လာရောက်ကြည့်ရှုစစ်ဆေးရာ MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် တာဝန်ရှိသူများက လိုက်လံပြသခဲ့သည်။ MFF အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်နိုင်ချိန် အထိ ကူညီပံ့ပိုးပေးသွားမည်ဖြစ်သည်။










