ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဘဏ္ဍာရေးအကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် ဘောလုံးလောကကို ကူညီရန် FIFA စီစဉ်

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဘဏ္ဍာရေးအကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် ဘောလုံးလောကကို ကူညီရန် FIFA စီစဉ်
Photos : FIFA
Photos : FIFA
Published 2 April 2020

 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဘောလုံးပြိုင်ပွဲများ ရပ်နားထားရသဖြင့် ဘဏ္ဍာရေးအကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် ဘောလုံးလောကကို ကူညီရန်အတွက် စီစဉ်နေကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။

လက်ရှိ ကမ္ဘာအနှံ့တွင် ကူးစက်ပြန့်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဥရောပထိပ်တန်းလိဂ် (၅)ခုအပါအဝင် ကမ္ဘာတစ်ဝှမ်း၌ ဘောလုံးပြိုင်ပွဲများအားလုံးနီးပါး ရပ်နားထားရသည်။

ဘောလုံးပြိုင်ပွဲရပ်နားမှု အကျိုးဆက်မှာ ကလပ်အသင်းများအပေါ် သက်ရောက်မှုကြီးမားခဲ့ပြီး ကလပ်အသင်းအသင်းအများစုသည် ဘဏ္ဍာရေးပြဿနာများနှင့် ရင်ဆိုင်နေရသည်။

ဘဏ္ဍာရေးအင်အားကြီးမားသည့် ဂျူဗင်တပ်စ်၊ ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ကပင် ကစားသမားများကို လစာလျှော့ချမှုများရှိခဲ့ပြီး (ဂျူဗင်တပ်စ်ကစားသမားများက ၄ လ လစာမယူ ရန်ဆုံးဖြတ်ခဲ့ပြီး ဘောလုံးပြိုင်ပွဲများ ရပ်နားထားသည့်ကာလအတွင်း ဘာစီလိုနာကစားသမားများက လစာ ၇၀% နှင့် ဘိုင်ယန်မြူးနစ်ကစားသမားများက လစာ ၂၀% လျှော့ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်) ကလပ်အသင်းအချို့နှင့် ဘောလုံးအဖွဲ့ချုပ်အချို့တွင် ဝန်ထမ်းများကို အလုပ်ထုတ်ပယ်မှုများနှင့် လစာလျှော့ချမှုများရှိနေကြောင်း သိရသည်။

ထို့ကြောင့် FIFA သည် ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ဘောလုံးလောကပြိုလဲမှုမရှိစေရန်အတွက် ကမ္ဘာအနှံ့မှ ဘောလုံးအဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့မှုများပြုလုပ်ပေးရန် စီစဉ်နေကြောင်း ထုတ်ပြန်ခဲ့သည်။

FIFA ၏ ထုတ်ပြန်ချက်တွင် "FIFA ၏ ဘဏ္ဍာရေး အခြေအနေမှာကောင်းမွန်ပြီး လိုအပ်သူများကို ထောက်ပံ့ပေးရန်မှာ FIFA ၏ တာဝန်ဖြစ်ကြောင်း၊ ထို့ကြောင့် FIFA အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဘောလုံးလောကတွင် ဘဏ္ဍာရေးထိခိုက်မှုအနေအထားကို အကဲဖြတ်နေပြီး ဘောလုံးအဖွဲ့အစည်းများကို ထောက်ပံ့မှုများပြုလုပ်ပေးရန် စီစဉ်နေကြောင်း၊ ထောက်ပံ့မည့်အစီအစဉ်များကို FIFA အဖွဲ့ဝင်နိုင်ငံများအပါအဝင် တာဝန်ရှိသူများနှင့် တိုင်ပင်ကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ FIFA အနေဖြင့် အဆိုပါအစီအစဉ်ကို မကြာမီ ကြေညာချက်ထုတ်ပြန်ဖွယ်ရှိကြောင်း" ပါရှိသည်။

FIFA အနေဖြင့် လက်ရှိတွင် ဒေါ်လာ (၂.၇)ဘီလီယံအထိ ပိုင်ဆိုင်ထားကြောင်း သိရသည်။

 

Most Read

Most Recent