ဘာစီလိုနာအသင်းနည်းပြရာထူးကို ဆောင်ရွက်လိုသည်ဟု ဝန်ခံခဲ့သည့် ဇာဗီ ဘာစီလိုနာကစားသမားဟောင်း နေမာကို အရပြန်ခေါ်မည်ဟု ပြောကြား

ဘာစီလိုနာအသင်းနည်းပြရာထူးကို ဆောင်ရွက်လိုသည်ဟု ဝန်ခံခဲ့သည့် ဇာဗီ ဘာစီလိုနာကစားသမားဟောင်း နေမာကို အရပြန်ခေါ်မည်ဟု ပြောကြား
Photos : Getty Images
Photos : Getty Images
Published 31 March 2020

 

ဘာစီလိုနာအသင်းနည်းပြရာထူးကို လက်ခံဆောင်ရွက်လိုသည်ဟု ဝန်ခံခဲ့သည့် ဇာဗီက သူသာ ဘာစီလိုနာအသင်းနည်းပြဖြစ်လာခဲ့ပါက တောင်ပံကစားသမားများကို အဓိကခေါ်ယူမည်ဖြစ်ကာ ကစားသမားဟောင်း နေမာကို အရပြန်ခေါ်မည်ဟု ပြောကြားခဲ့သည်။

ဇာဗီက ဘာစီလိုနာအသင်း လက်ရှိလိုအပ်နေသည်မှာ နေမာကဲ့သို့ တောင်ပံကစားသမားများဖြစ်ပြီး နေမာအပြင် အခြားတောင်ပံကစားသမားများကို ခေါ်ယူရန်အတွက်လည်း စိတ်ဝင်စားသည်ဟုဆိုသည်။

ဘာစီလိုနာအသင်း နည်းပြဖြစ်လာပါက မည်သည့်အရာများကို လုပ်ဆောင်မည်နည်းဆိုသည့် မေးခွန်းများကို ဇာဗီက "ကျွန်တော် တောင်ပံကစားသမားတွေကိုခေါ်မှာပါ။ နေမာလို ကစားသမားမျိုးတွေဖြစ်ပါတယ်။ အခြားအကြောင်းအရာတွေကိုတော့ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ဘောလုံးရှုထောင့်အရပဲ ကြည့်မယ်ဆိုရင်တော့ နေမာဟာ အလွန်ကောင်းမွန်တဲ့ ခေါ်ယူမှုဆိုတာ သေချာပါတယ်။ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်မှာ ကစားသမားကောင်းတွေ ရှိပြီးသားပါ။ ဒါပေမဲ့ ဘိုင်ယန်မြူးနစ်အသင်းလို တောင်ပံကစားသမားကောင်းတွေ မရှိပါဘူး။ အများကြီးတော့ မလိုအပ်ပါဘူး။ ဆန်ချို၊ နာဘရီတို့လို ကစားသမားတွေပဲ လိုပါတယ်" ဟုလည်း ဇာဗီက ဆိုခဲ့သည်။

ဇာဗီသည် LA Vanguardia သတင်းဌာနနှင့် ဆွေးနွေးခဲ့ရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ဘာစီလိုနာအသင်းတွင် ပြန်လည်နည်းပြခွင့်ရရန်မှာ  အမြဲလိုလို အိပ်မက်နေသည့်အရာဖြစ်သည်ဟုလည်း ဆိုခဲ့သည်။

သို့ရာတွင် ပြီးခဲ့သည့် ဇန်နဝါရီလက ဘာစီလိုနာအသင်းသည် အသင်းနည်းပြ ဗယ်လ်ဗာဒီနေရာတွင် အစားထိုးခန့်အပ်ရန်အတွက် သူ့အား ကမ်းလှမ်းခဲ့စဉ်ကမူ ငြင်းပယ်ခဲ့ဖူးသည်ဟုလည်း သတင်းများက ဆိုသည်။

ဇာဗီကမူ ဘုတ်အဖွဲ့ဝင်များအတွင်း မညီညွတ်သည့်သဘောထားကြောင့် စိတ်မဝင်စားခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့ပြီး "ကျွန်တော့်ကို ယုံကြည်မှုရှိတဲ့သူတွေနဲ့ပဲ ကျွန်တော် အလုပ်လုပ်ချင်ပါတယ်။ ကျွန်တော် အလုပ်လုပ်မယ့်နေရာမှာ သစ္စာရှိမှုက အရေးကြီးပြီး ကျွန်တော်နဲ့ကစားသမားတွေနားမှာ အဆိပ်အတောက်ဖြစ်စေမယ့်လူတွေ ရှိနေလို့တော့မရပါဘူး" ဟု ပြောကြားခဲ့သည်။ 

 

Most Read

Most Recent