Lockdown ကာလအတွင်း ပါတီပွဲခိုးလုပ်ခဲ့ပြီး ကားတိုက်မှုဖြစ်ခဲ့ပြီးနောက် ယာဉ်ကိုစွန့်ခွာထွက်ပြေးခဲ့သည့် ဂရီးလစ်ရှ်အား မီဒီယာများနှင့် ပရိသတ်များဝေဖန်

Lockdown ကာလအတွင်း ပါတီပွဲခိုးလုပ်ခဲ့ပြီး ကားတိုက်မှုဖြစ်ခဲ့ပြီးနောက် ယာဉ်ကိုစွန့်ခွာထွက်ပြေးခဲ့သည့် ဂရီးလစ်ရှ်အား မီဒီယာများနှင့် ပရိသတ်များဝေဖန်
Photos : Daily Mail
Photos : Daily Mail
Published 31 March 2020

 

ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် အစိုးရက Lockdown လုပ်ထားသည့် စည်းမျဉ်းကို ချိုးဖောက်ကာ ပါတီပွဲခိုးတက်ခဲ့ပြီး ယာဉ်တိုက်မှုဖြစ်ပွားပြီးချိန်တွင်လည်း ကားကို စွန့်ခွာထွက်သွားခဲ့သည့် အက်စတွန်ဗီလာအသင်းခေါင်းဆောင် ဂျက်ဂရီးလစ်ရှ်အား Good Morning Britain အစီအစဉ်၏ နာမည်ကျော် တင်ဆက်သူ ပီယာ့စ် မော်ဂန်အပါအဝင် မီဒီယာများနှင့် ပရိသတ်များစွာက ဝေဖန်ခဲ့ကြကြောင်း သိရှိရသည်။

ဂရီးလစ်ရှ်သည် ဘာမင်ဂမ်မြို့အတွင်းရှိ သူ၏ အက်စတွန်ဗီလာအသင်းဖော်ဟောင်း ရော့စ်မက်ကောမက်၏ နေအိမ်တွင် ပါတီပွဲပြုလုပ်ကာ အပြန်တွင် သူ၏ Range Rover ကားဖြင့် ကားပါကင်တွင် ရပ်နားထားသည့် အခြားကားများကို ဝင်တိုက်မိခဲ့သည်။

သူသည် ယင်းကဲ့သို့ တိုက်ခိုက်မှုဖြစ်ပွားပြီးချိန်တွင် ပစ္စည်းများကိုသိမ်းကာ ကားအတွင်းမှ ထွက်ခွာပြီး ရဲများရောက်မလာမီ ကားကို စွန့်ပစ်ထားခဲ့သည်။

သို့ရာတွင် ယင်းကားမှာ ဂရီးလစ်ရှ်၏ ကားဖြစ်ပြီး လမ်းထဲတွင် တစ်ညလုံးရပ်ထားခဲ့သည်ဟု မျက်မြင်သက်သေများက ထွက်ဆိုခဲ့ကြသလို၊ အိမ်ရာ လုံခြုံရေးဝန်ထမ်းက ဂရီးလစ်ရှ်အား မေးမြန်းနေသည့် ဓာတ်ပုံများလည်း ထွက်ပေါ်လာခဲ့ပြီးနောက် အားလုံးက ဂရီးလစ်ရှ်ဖြစ်ကြောင်း သိရှိသွားခဲ့ခြင်းဖြစ်သည်။

Good Morning Britain အစီအစဉ်ကို တင်ဆက်နေသည့် နာမည်ကျော် ဂျာနယ်လစ် ပီယာ့စ်မော်ဂန်က ယင်းဖြစ်ရပ်ကို သူ၏အစီအစဉ်တွင် ထည့်သွင်းဖော်ပြခဲ့ပြီး ဂရီးလစ်ရှ်အပေါ် ဝေဖန်မှုများလည်း ပြုလုပ်ခဲ့သည်။

ဂရီးလစ်ရှ်သည် ယင်းဖြစ်ရပ်မတိုင်ခင်လေးတွင် သူ၏ Twitter မှတစ်ဆင့် ပရိသတ်များအား အိမ်တွင်နေထိုင်ကြရန် လှုံ့ဆော်မှုပြုလုပ်ခဲ့သူဖြစ်ပြီး ယခု သူကိုယ်တိုင် စည်းကမ်းချိုးဖောက်ခဲ့ခြင်းနှင့်ပတ်သက်၍ "ပြီးခဲ့တဲ့တစ်ပတ်ကပဲ သူတော်တော်စကားပြောခဲ့တယ်" ဟု လှုံ့ဆော် မှုများပြုလုပ်နေခြင်းကိုရည်ရွယ်ကာ ပြောဆိုခဲ့ပြီး "ဒီလိုလုပ်တာ ကောင်းပါတယ်။ ဒါပေမဲ့ ပြီးတော့ ဘာကြောင့် ဒီလိုကိစ္စမျိုးကို လုပ်ခဲ့ရတာလဲ။ စည်းမျဉ်းချိုးဖောက်ပြီဆိုရင် ဒါဟာ အင်္ဂလန်ရဲ့ကြယ်ပွင့်ဖြစ်တယ်၊ စံပြလူသားတစ်ဦးဖြစ်တယ်ဆိုတာတွေက အရေးမပါတော့ဘူး။ မင်းအတွက် ရှက်မိတယ် ဂရီးလစ်ရှ်"ဟု ပီယာ့စ်မော်ဂန်က ဝေဖန်ခဲ့သည်။

ယင်းအစီအစဉ်တွင် ဗီဒီယိုမှတစ်ဆင့် နာမည်ကျော် နည်းပြဟောင်း ဟယ်ရီရက်နပ်က်ကိုလည်း ပီယာ့စ်မော်ဂန်က မေးမြန်းခဲ့ပြီး ရက်နပ်က်က "ကျွန်တော်က သူ့ရဲ့ အမာခံပရိသတ်ဖြစ်ခဲ့တယ်။ သူ့အကြောင်းကိုပြောတိုင်းမှာ သူဟာ အင်္ဂလန်အသင်းအတွက် ပါသင့်တယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်သာ အခုအချိန်မှာ အသင်းကြီးတစ်သင်းသင်းရဲ့နည်းပြဆိုရင် ကျွန်တော် သူ့ကို သေချာပေါက် ခေါ်ယူဖြစ်မှာပါ။ ဒါပေမဲ့ အခုကိစ္စကတော့ ခွင့်လွှတ်နိုင်စရာမရှိပါဘူး။ တော်တော်ညံ့ဖျင်းမိုက်မဲတဲ့လုပ်ရပ်ပါ။ သူ ဒီလိုလုပ်ခဲ့တယ်လို့ ကျွန်တော် ယုံတောင်မယုံနိုင်ဘူး။ သူ့ ကို သေချာပေါက်အရေးယူဖို့လိုပါတယ်" ဟု ဆိုခဲ့သည်။

မျက်မြင်သက်သေတစ်ဦးက Daily Mail သို့ ပြောကြားရာတွင် "ကားပေါ်ကနေ မထွက်ခင်မှာ သူတို့ပစ္စည်းတွေကို အကုန်သိမ်းခဲ့တယ်။ ကျွန်မတို့က သူအဆောက် အဦပေါ်ကနေ ဆင်းသွားကတည်းက မြင်နေရတာဖြစ်ပြီး သူတို့က ခပ်သုတ်သုတ်ထွက်သွားကြတာပါ" ဟုဆိုခဲ့သည်။ အိမ်နီးချင်းတစ်ဦးကလည်း "သူတို့ တစ်ညလုံး ပါတီပွဲကျင်းပနေတာဖြစ်ပြီး သူ့ကားကလည်း တစ်ညလုံး ရပ်ထားတာပါ။ သူတို့ပြန်ထွက်သွားတဲ့အချိန်မှာ ကားတွေဆင့်ပြီးတိုက်တဲ့အသံတွေ ထွက်လာခဲ့တာပဲ" ဟု ဆိုခဲ့သည်။ ဂရီးလစ်ရှ်၏လုပ်ရပ်ကို ဆိုရှယ်မီဒီယာပေါ်တွင် ပရိသတ်များက ၀ိုင်းဝန်းဝေဖန်နေကြပြီး အက်စတွန်ဗီလာအသင်းအနေဖြင့် ဂရီးလစ်ရှ်၏ လစာငွေများကို ကိုရိုနာဗိုင်းရပ်စ်အတွက် လှူဒါန်းသင့်သည်ဟု တိုက်တွန်းမှုများ ပြုလုပ်နေကြသည်။

ဘာမင်ဂမ်ရဲတပ်ဖွဲ့ကလည်း ဂရီးလစ်ရှ်အား စုံစမ်းစစ်ဆေးပြီး အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

 

Most Read

Most Recent