MNL ထိပ်သီးကလပ် ရန်ကုန်ယူနိုက်တက်အသင်း၏ အမာခံကစားသမားအများစုသည် ယခုနှစ်ကုန်ပိုင်းတွင် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သော်လည်း စာချုပ်သက်တမ်းတိုးရန် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
စာချုပ်သက်တမ်းကုန်ဆုံးမည့် ကစားသမားများတွင် အမာခံကစားသမားများဖြစ်သည့် ကျော်ဇင်ထက်၊ သိန်းသန်းဝင်း၊ ကြည်လင်း၊ သန်းပိုင်၊ အီစိုး၊ ငြိမ်းချမ်းအောင်နှင့် ရန်အောင်ကျော်တို့ ပါဝင်နေပြီး ကစားသမား ဘဝမှ အနားယူတော့မည့် ရန်အောင်ကျော်မှလွဲ၍ ကျန်ကစားသမားများကို သက်တမ်းတိုးမည်ဖြစ်သည်။
'' ဒီနှစ်ကုန်မှာ ကစားသမား အများစု စာချုပ်သက်တမ်း ကုန်ဆုံးဖို့ရှိပါ တယ်။ ရန်အောင်ကျော်ကတော့ စာချုပ်ကုန်ရင် ကစားသမားဘဝက အနားယူတော့မှာဖြစ် တာကြောင့် သူကလွဲရင် ကျန်တဲ့ကစားသမား တွေကို စာချုပ်သက်တမ်းတိုးမှာဖြစ်ပါတယ်။ တချို့က တစ်နှစ်ချင်းစီ သက်တမ်းတိုးတဲ့ သူတွေရှိသလို ကျော်ဇင်ထက်ဆိုရင် နှစ်နှစ် စာချုပ်ထားပြီး ဒီနှစ်မှာ သက်တမ်းကုန်မှာဖြစ် ပါတယ်။ ရန်ကုန်အသင်းမှာ နှစ်ကာလရှည် ကစားထားတဲ့သူတွေက ရန်ကုန်အသင်းမှာပဲ ဆက်ကစားချင်ကြတာကြောင့် သက်တမ်းတိုး နိုင်မယ်လို့ ယုံကြည်ပါတယ်။ စာချုပ်သက် တမ်းတိုးဖို့လည်း ဆွေးနွေးထားပြီးဖြစ်ပါတယ်'' ဟု ရန်ကုန်အသင်းအုပ်ချုပ်သူ ဦးမြင့်သိန်းက ပြောကြားသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ယခု ရာသီအစတွင် ကစားသမားသစ်အများအပြား ခေါ်ယူထားသော်လည်း အမာခံ ကစားသမားများကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။ ယခုနှစ်ကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည့် ကစားသမားများအနက် ငယ်မွေးခြံပေါက်ကစားသမားဖြစ်သည့် အီစိုး၊ သန်းပိုင်နှင့် ကြည်လင်းတို့ပါဝင်နေပြီး ကျော်ဇင်ထက်၊ ငြိမ်းချမ်းအောင်နှင့် သိန်းသန်းဝင်း တို့မှာမူ အခြားကလပ်အသင်းများမှ ပြောင်းရွှေ့လာခြင်းဖြစ်သည်။

ယင်းကစားသမားများ အနက် ငြိမ်းချမ်းအောင်က ၂၀၁၄ ခုနှစ်၊ ကျော်ဇင်ထက်က ၂၀၁၇ ခုနှစ်၊ သိန်းသန်းဝင်းက ၂၀၂၀ ပြည့်နှစ်တွင် ပြောင်းရွှေ့လာ ခြင်းဖြစ်ပြီး ကြည်လင်းမှာမူ ငယ်မွေးခြံပေါက် ကစားသမားတစ်ဦးဖြစ်သော်လည်း ၂၀၁၉ ရာသီတွင် ဇွဲကပင်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး နောက် ယခုရာသီအစတွင် ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
ရန်ကုန်အသင်း စတင်တည်ထောင်ကတည်းက တစ်သင်းတည်း၌သာ ကစားခဲ့သည့် အသင်းခေါင်းဆောင် ရန်အောင်ကျော်မှာ ယခုနှစ်ကုန်တွင် ကစားသမားဘဝမှ အနားယူတော့မည်ဖြစ်သည်။ ရန်ကုန်အသင်း တည်ထောင်စဉ်ကတည်းက တစ်သင်းတည်း၌သာ ပါဝင်ကစားခဲ့သူအဖြစ် တစ်ဦးတည်းကျန်ရှိတော့သည့် ရန်အောင်ကျော်သည် (၁၂) ရာသီကြာကစားပြီးနောက် အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ကြည်လင်းသည် ရန်အောင်ကျော်နှင့်အတူ ရန်ကုန်အသင်းတည်ထောင်စဉ်ကတည်းက ပါဝင်ကစားခဲ့သော်လည်း ၂၀၁၉ ရာသီတွင် ဇွဲကပင်အသင်းသို့ ပြောင်းရွှေ့ခဲ့သောကြောင့် ၂၀၀၉ ရာသီမှ လက်ရှိအချိန်ထိ ရန်ကုန်တစ် သင်းတည်း၌သာ ကစားဖူးသည့် ကစားသမားအဖြစ် ရန်အောင်ကျော်သာ ကျန်ရှိတော့ခြင်း ဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် နှစ်စဉ်ပြည်တွင်းကစားသမားကောင်းများစွာ ခေါ်ယူခဲ့သလို ယခုရာသီအစတွင်လည်း ပြည် တွင်းကစားသမားခုနစ်ဦးနှင့် နိုင်ငံခြားသား ကစားသမား (၄)ဦး ခေါ်ယူခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ယခုရာသီတွင် ပြည်တွင်းပြိုင်ပွဲများအပြင် AFC Cup ပြိုင်ပွဲ တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်နေပြီး MNL ပြိုင်ပွဲရပ်နားထားချိန်၌ အဆင့် (၃) နေရာ ရပ် တည်နေသည်။










