ရုံးလုပ်ငန်းများ ရပ်ဆိုင်းစဉ်ကာလအတွင်း သက်တမ်းကုန်သွားသည့် မော်တော်ယာဉ် လိုင်စင်၊ လူလိုင်စင်၊ လုပ်ငန်းလိုင်စင်တို့ နှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများအနေဖြင့် အရေးယူခြင်းမပြုရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကြောင်းကြားစာပေးပို့ထားကြောင်း ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွန်ကြားမှုဦးစီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ၊ ရန်ကုန်တိုင်း က.ည.နနှင့်လုပ်ငန်းလိုင်စင်ရုံးတို့ထံ လိပ်မူ၍ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ မော်တော်ယာဉ်သက်တမ်းတိုးတာ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးတာ။ လုပ်ငန်းလိုင်စင်တိုးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ယာယီရပ်ဆိုင်းထားရန်ဆိုပြီး ထုတ်လိုက်တာ။ ထုတ်တဲ့အခါမှာ ၂၅ ရက် သုံးလ ၂၀၂၀ ကနေပြီးတော့ ၃၀ ရက် သုံးလ ၂၀၂၀ အထိ ဧပြီလကုန်အထိ ယာယီရပ်ဆိုင်းထားရန်၊ ယာယီရပ်ဆိုင်းထားတဲ့ ကာလအတွင်းမှာ သက်တမ်းတိုးခွင့်မရတဲ့ ယာဉ်မောင်းတဲ့လိုင်စင်တွေ မော်တော်ကားလိုင်စင်တွေ၊ လုပ်ငန်းလိုင်စင်တွေ သက်တမ်းကျော်နေတဲ့အတွက် သက်တမ်းတိုးခွင့်မရလို့ သက်တမ်းကျော်နေတဲ့ယာဉ် တွေကို ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ကနေ အရေးယူခြင်းမပြုလုပ်ဖို့ဆိုပြီး ဖော်ပြထားတယ်။ ပြီးရင် ဧပြီလကုန်အထိ ရပ်ဆိုင်းရန် နောက်မှာ လုပ်ငန်းပြန်လည်စတင်မယ့်ရက်ကို ထပ်မံအသိပေးသွားမယ်ဆိုပြီး ဝန်ကြီးချုပ်ကိုယ်စား လျှပ်စစ်စက်မှုလက်မှု လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကနေပြီးတော့ လက်မှတ်ရေး ထိုးထားတယ်။ အဲအတွက်ကြောင့် ရပ်ထားတဲ့ ကာလအတွင်းမှာ သက်တမ်းကျော်နေတဲ့ကားပေါ့။ အဲဒီကားတွေကိုတော့ ယာဉ်ထိန်းတပ်ဖွဲ့က အရေးမယူဖို့ ထုတ်ပြန်ထားပါတယ် ’’ ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး နှင့်ညွှန်ကြားမှုဦးစီးဌာနမှ ရန်ကုန်တိုင်းညွှန်ကြားရေးမှူး ဦးသိန်းထွဋ်က ပြောကြားသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန (နေပြည်တော်)သို့လည်း စာတစ်စောင်ပေးပို့ခဲ့ကြောင်း အဆိုပါစာတွင် ရုံးလုပ်ငန်းများ ရပ်ဆိုင်းထားစဉ် ကာလအတွင်း သက်တမ်းကုန်သွားသည့် ယာဉ်လိုင်စင်၊ လူလိုင်စင်တို့အား နောက်ကျဒဏ်ကြေးကင်း လွတ်ခွင့်ရရှိစေရန်အတွက်လည်း လိုအပ်သလို ညွှန်ကြားပေးပါရန်ဟု ပါရှိကြောင်း သိရသည်။
“ အဲဒီနေ့မှာပဲ (မတ် ၂၅) ရန်ကုန်တိုင်းဒေသကြီးကနေ ဘယ်သူ့ကိုပို့လဲဆိုတော့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန နေပြည်တော်ကို ပို့တယ်။ အဲဒါဘာပြောလဲဆိုတော့ ဧပြီလကုန်လောက်အထိကို ယာယီရပ်ဆိုင်းထားတဲ့အတွက်ကြောင့်မို့လို့ သက်တမ်းကုန်သွားတဲ့ကားတွေ ယာဉ်မောင်းလိုင်စင် သက်တမ်းကျော်နေတဲ့သူတွေအတွက် သက်တမ်းတိုးခွင့်မရတဲ့အတွက်ကြောင့်မို့လို့ နောက်ကျဒဏ်ကြေး ကင်းလွတ်ခွင့်ရရှိဖို့အတွက် လိုအပ်သလို ညွန်ကြားပေးပါဆိုပြီးတော့ အကြောင်းကြားတယ်။ အဲဒီတော့ အတိုချုပ်ပြောရရင်တော့ ရန်ကုန်တိုင်းဒေသကြီးကနေပြီးတော့ မိမိတိုင်းအတွင်းမှာရှိတဲ့ ကညန၊ နောက်လုပ် ငန်းလိုင်စင်၊ အဲဒီကကားတွေ လူလိုင်စင်၊ လုပ်ငန်းလိုင်စင်တွေအတွက်ကို ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ ရဲကိုလည်း မဖမ်းဖို့ စာထုတ်ထားပါတယ်။ ၂၅ရက်ကတည်းက သက်တမ်းကျော်တဲ့အတွက် ကျသင့်တဲ့ဒဏ်ကြေးကိုလည်း ကင်းလွတ်ခွင့်ပေးနိုင်တဲ့ ပို့ဆက်ဝန်ကြီးဌာနကိုလည်း အကြောင်းကြားထားပါတယ် ’’ ဟု ရန်ကုန်တိုင်းညွှန်ကြားရေးမှူး ဦးသိန်းထွဋ် က ပြောကြားသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့်လည်း မော်တော်ယာဉ်ဥပဒေ၏လုပ်ပိုင်ခွင့်အရ ကင်းလွတ်ခွင့်ပေးမည်ဆိုပါက ပေး၍ရကြောင်း သိရသည်။















