အက်သလက်တီကိုမက်ဒရစ်အသင်း၏ နည်းပြဖြစ်သူ ဒီယေဂိုဆီမြွန်နီက အန်ဖီးလ်ကွင်းတွင် လီဗာပူးလ်အသင်းကို အနိုင်ယူကာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီးနောက် အသင်း၏ဂိုးသမားဖြစ်သူ အိုဘလက်ခ်ကို ချီးကျူးပြောကြားခဲ့သည်။

အက်သလက်တီကိုအသင်းသည် အိမ်ကွင်းတွင် လီဗာပူးလ်အသင်းကို (၁-၀)ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးနောက် အန်ဖီးလ်ကွင်းတွင် မိနစ်(၉၀)အပြီး (၀-၁)ဂိုးဖြင့် ပြန်လည် ရှုံးနိမ့်ခဲ့သဖြင့် အချိန်ပိုဆက်ကစားရာတွင် အက်သလက်တီကိုအသင်းက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းပွဲတွင် ဆလိုဗေးနီးယားလက်ရွေးစင်ဂိုးသမား ယန်အိုဘလက်ခ်သည် လီဗာပူးလ်အသင်း၏ ဂိုးကန်သွင်းမှုများကို ကာကွယ်သွားနိုင်ခဲ့ခြင်းကြောင့် ဆီမြွန်နီက ချီးကျူးခဲ့ခြင်းလည်း ဖြစ်သည်။
ဆီမြွန်နီက "သူက ဒီပွဲမှာ ဆာဗစ်၊ လိုဒီ၊ ယာအိုဖီးလစ် စတဲ့ကစားသမားတွေလိုပဲ အသင်းအတွက် တန်ဖိုးရှိသူဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတစ်ဦးကို ပိုင်ဆိုင်ခွင့်ရထားတယ်ဆိုတာကို ကျွန်တော် သံသယမရှိ ယုံကြည်ပါတယ်။ မက်ဆီက ပွဲတစ်ပွဲရဲ့အခက်အခဲတွေကို တိုက်စစ်စွမ်းဆောင်ရည်နဲ့ ဖြေရှင်းနိုင်သလို၊ အိုဘလက်ခ်ကလည်း မက်ဆီလိုပဲ ခံစစ်စွမ်းဆောင်ရည်နဲ့ ဖြေရှင်းနိုင်သူဖြစ်ပါတယ်" ဟု ချီးကျူးပြောကြားသွားခဲ့သည်။

ဆီမြွန်နီသည် ယင်းပွဲတွင် အသင်းအတွက် အရေးပါသည့် သွင်းဂိုး(၂)ဂိုးသွင်းယူပေးခဲ့သည့် မားကို့စ်လော်ရန်တေးကိုလည်း ချီးကျူးသွားခဲ့သလို တစ်သင်းလုံး၏ စွမ်းဆောင်ရည်အတွက် အလွန်ကျေနပ်ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။

ဆီမြွန်နီက "လော်ရန်တေးက ပွဲအခြေအနေတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တဲ့သူပါ။ သူ့ရဲ့သွင်းဂိုးက တစ်သင်းလုံးရဲ့စိတ်ပိုင်းနဲ့ ကွင်းတွင်းခြေစွမ်းပိုင်းကိုပါ ပြောင်းလဲသွားစေခဲ့ပါတယ်။ အသင်းရဲ့ခြေစွမ်းအတွက်လည်း ကျွန်တော်အရမ်းကျေနပ်ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့အသင်းဟာ လှပတဲ့ကွင်းကြီး၊ ထူးခြားတဲ့အားပေးမှုတွေအောက်မှာ အလွန်တောင့်တင်းတဲ့အသင်းကြီး တစ်သင်းကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီး ဒါဟာ သမိုင်းဝင်အောင်မြင်မှုပါပဲ" ဟု ပြောကြားခဲ့သည်။










