ဥရောပဘောလုံးသတင်းတိုများ

ဥရောပဘောလုံးသတင်းတိုများ
Photo: Getty Images
Photo: Getty Images
Published 13 March 2020

အာဆင်နယ်အသင်းသည် အသင်းအတွက် ခြေစွမ်းပြကစားနေသည့် လူငယ်ဘယ်နောက်ခံလူ ဆာကာအား တစ်ပတ်လုပ်ခ ပေါင်(၃၀၀၀)သာ ပေးချေနေရာမှ ယခုအခါ လက်ရှိလစာ၏ (၁၀)ဆကျော်ပိုမိုများပြားသည့် တစ်ပတ်လုပ်ခ ပေါင်(၃၅၀၀၀)ဖြင့် စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။  

နယ်သာလန်လက်ရွေးစင်ဟောင်းနှင့် မန်စီးတီးအသင်း၏ ကွင်းလယ်လူဟောင်း ဒီယွန်းက စပါးအသင်းသည် လိုက်ပ်ဇစ်အသင်းကို နှစ်ကျော့ပေါင်း (၀-၄)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းအတွက် နည်းပြဖြစ်သူ မော်ရင်ဟိုထံတွင် တာဝန်ရှိသလို ကွင်းအတွင်းကစားနေသည့် စပါးကစားသမားများ၏ စွမ်းဆောင်ရည်မှာလည်း စိတ်ပျက်စရာဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် ရှက်ဖီးယူနိုက်တက်အသင်းတွင် လက်စွမ်းပြကစားနေသည့် ဂိုးသမား ဟန်ဒါဆန်အား လာမည့်ရာသီတွင် အသင်းထံသို့ ပြန်လည်ခေါ်ယူဖွယ်မရှိသေးဘဲ ပုံမှန်ကစားခွင့်အတွက် ဆက်လက်အငှားချထားရန်စီစဉ်နေပြီး ယူရို-၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင် အဓိကဂိုးသမား ဖြစ်လာရန် မျှော်လင့်နေကြောင်းလည်း သိရှိရသည်။   

ချယ်လ်ဆီးအသင်းက (၂)နှစ်သက်တမ်းတိုးရန် ကမ်းလှမ်းထားသော်လည်း (၃)နှစ်သက်တမ်းတိုးမှ လက်ခံမည်ဟု ဆိုနေသည့် ဝီလီယံက အသင်းထံမှ ထပ်မံကမ်းလှမ်းမည့်အခြေအနေကို စောင့်ကြည့်နေပြီး စာချုပ်ကိစ္စ အဆင်မပြေပါက ထွက်ခွာဖွယ်ရှိနေကြောင်း သိရှိရသည်။

အာဆင်နယ်အသင်းမှ ထွက်ခွာရန် စဉ်းစားနေသည်ဆိုသည့် သတင်းများထွက်ပေါ်နေသည့် အူဘာမီယန်းက အနာဂတ်ကို ကြိုမပြောနိုင်သော်လည်း မိမိသည် လက်ရှိအချိန်တွင် အာဆင်နယ်အသင်း၌ အလွန်ပျော်ရွှင်လျက်ရှိနေသည်ဟု ပြောကြားခဲ့သည်။

ချယ်လ်ဆီးကွင်းလယ်လူ ဘာကလေက ယူရို-၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန် အသင်းတွင်ပါဝင်ရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု ဆိုခဲ့သည်။

နာမည်ကျော်ဂျာနယ်လစ် ပီယာ့စ်မော်ဂန်နှင့် အင်္ဂလိပ်ဂန္ထဝင်ဘောလုံးသမား ဂယ်ရီလိုင်နီကာတို့က ပရီးမီးယားလိဂ်ကို အမြန်ဆုံးရပ်နားရန် တိုက်တွန်းပြောဆိုမှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ 

ဘောလုံးလူဆိုးတစ်ဦးအဖြစ် ထင်ရှားသည့် ဒီယေဂိုကော်စတာသည် ကမ္ဘာတစ်ဝှမ်းသေဆုံး မှုမြင့်တက်လျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုအပေါ် ရည်ရွယ်နောက်ပြောင်မှုအဖြစ် အန်ဖီးလ်ကွင်းအတွင်း သတင်းထောက်များဘက်သို့ လှည့်ကာ ချောင်းဆိုးပြခဲ့ခြင်းအတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ 

မန်ယူအသင်း၏ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က သူသည် ဂွါဒီယိုလာ၏ အောင်မြင် မှုများအပေါ်လေးစားမှုအမြဲရှိသော်လည်း အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်း ပြဿနာဖြစ်ပွားခဲ့ချိန်တွင်မူ မိမိအပေါ် လေးစားမှုမရှိကြောင်းပြသခဲ့သဖြင့် ပြန်လည် တုန့်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းကစားသမားတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်လက္ခဏာတွေ့သဖြင့် ကြာသပတေးနေ့က ပြုလုပ်ခဲ့သည့် လေ့ကျင့်ခန်းအစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

 

Most Read

Most Recent