ယူရိုပါလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်တွေမှာ ရေပန်းအစားဆုံး မန်ယူက အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပွဲရယူခဲ့ပေမယ့် ဝုလ်ဗ်ကတော့ သရေနဲ့သာကျေနပ်ခဲ့ရပါတယ်။ တခြားပွဲစဉ်တွေမှာတော့ လေဗာကူဆင်နဲ့ ရှက်တာဒိုးနက်တို့က အဝေးကွင်းနိုင်ပွဲကိုယ်စီရခဲ့ကြပြီး စီးရီးအေထိပ်သီးအသင်းတွေရဲ့ ပွဲစဉ်တွေဖြစ်တဲ့ ဆီဗီလာ - ရိုးမား၊ အင်တာမီလန် - ဂီတာဖေးပွဲတွေကိုတော့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ် . . .
ကွက်တားတက်ဖို့ သေချာသွားတဲ့ မန်ယူ
LASK ၀-၅ မန်ယူ
မန်ယူက အမှားအယွန်းမရှိကစားနိုင်ခဲ့ပြီး ဂိုးပြတ်နိုင်ပွဲရခဲ့တယ်။ မန်ယူနည်းပြ ဆိုးလ်ရှားအနေနဲ့လည်း ဒီပွဲအတွက် အတော်ကို ပြင်ဆင်လာတာ တွေ့ရပါတယ်။ မန်ယူအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ မာစီယဲလ်နဲ့ မာတစ်တို့ကလွဲလို့ အဓိက ကစားသမား အစုံအလင်ပါဝင်ခဲ့ပါတယ်။ အီဂါလိုက သူ့ရဲ့ အဆုံးသတ်စွမ်းရည်ကောင်းကို ပြသနိုင်ခဲ့သလို၊ ဘရူနိုဖာနန်ဒက်စ်ကလည်း ကွင်းလယ်နဲ့ တိုက်စစ်ကို အကောင်းဆုံး ချိတ်ဆက်ပေးနိုင်ခဲ့တယ်။

သူက မန်ယူအသင်းအတွက် မရှိမဖြစ်ကစားသမား ဖြစ်လာမယ့်သူလို့တောင်ဆိုရမှာပါ။ မာတာက အနည်းငယ်အမှားများခဲ့ပေမယ့် (၁)ဂိုးသွင်းယူနိုင်ခဲ့တယ်။ LASK ကတော့ မန်ယူအသင်းနဲ့ အဆင့်ချင်းတော်တော်ကွာပါ တယ်။ ခြိမ်းခြောက်နိုင်စွမ်းမရှိသလို၊ နောက်တန်းကလည်း အတော်ကို ညံ့လွန်းတယ်။

မန်ယူကို ဘယ်လိုမှ မယှဉ်နိုင်လို့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။ မန်ယူအသင်းအတွက်ဂိုးတွေကို (၂၈၊ ၅၈၊ ၈၂)မိနစ်တွေမှာ အီဂါလို၊ ဒန်နီယဲလ်ဂျိမ်းစ်၊ မာတာ၊ (၉၀+၁)နဲ့ (၉၀+၃)မိနစ်တွေမှာ လူစားဝင်ကစားသမားတွေဖြစ်တဲ့ ဂရင်းဝုဒ်နဲ့ ပါရဲရားတို့က သွင်းယူခဲ့ကြပါတယ်။ ဂရင်းဝုဒ်ကတော့ ယခုရာသီ ဥရောပပြိုင်ပွဲမှာ (၅)ဂိုးအထိသွင်းနိုင်တဲ့ ပထမဆုံးဆယ်ကျော်သက်ကစားသမား ဖြစ်လာခဲ့တယ်။
အခွင့်အရေးမယူနိုင်ခဲ့တဲ့ ဝုလ်ဗ်
အိုလံပီယာကော့စ် ၁-၁ ဝုလ်ဗ်
အိမ်ကွင်းဆိုရင် ကစားပုံကောင်းတဲ့ အိုလံပီယာကော့စ်က ပွဲအစပိုင်းမှာ ဝုလ်ဗ်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ဂိုးရနိုင်တဲ့အခွင့်အရေးတွေလည်း ရခဲ့တယ်။ ဒါပေမဲ့ တိုက်စစ်ကစားသမားတွေ အဆုံးသတ်အားနည်းခဲ့တယ်။ ပွဲကို အလှည့်အပြောင်းဖြစ်ခဲ့တာက ပွဲချိန်(၂၈)မိနစ်မှာ အိုလံပီယာကော့စ်နောက်ခံလူ ဆီမီဒို အနီကတ်ပြသခံခဲ့ရတာပါပဲ။ ယိုတာကို ပြေးလမ်းပိတ်ခဲ့လို့ဖြစ်ပြီး ကွင်းလယ်ဒိုင်အနေနဲ့ ဆီမီဒိုကို အနီကတ်ပြခဲ့တဲ့ဆုံးဖြတ်ချက်က ပြင်းထန်ခဲ့တယ်လို့ ဆိုရမှာပါ။ အဲဒီနောက်ပိုင်းမှာတော့ ဝုလ်ဗ်က ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူနိုင်ခဲ့တယ်။

အထူးသဖြင့် တောင်ပံကစားသမား ထရာအိုရေးရဲ့ ဖြတ်တင်ဘောတွေကို အားထားခဲ့တယ်။ ဒါပေမဲ့ ထင်သလောက် အလုပ်မဖြစ်ခဲ့သလို၊ မိနစ်(၆၀)ဝန်းကျင်အထိ ဂိုးပေါက်တည့်ကန်ချက်လည်း မရှိခဲ့ဘူး။ အိုလံပီယာကော့စ်က ဝုလ်ဗ်တိုက်စစ်ကို အကောင်း ဆုံးဟန့်တားနိုင်ခဲ့ပါတယ်။ အဖွင့်ဂိုးကို အိုလံပီယာကော့စ်အသင်းက စတင်ရရှိခဲ့တာဖြစ်ပြီး (၅၄)မိနစ်မှာ အယ်လ်အာရာဘီက သွင်းယူခဲ့တယ်။ ဝုလ်ဗ်အတွက် ချေပဂိုးကိုတော့ (၆၇)မိနစ်မှာ လူစားဝင်ကစားသမားနေတိုက ပြစ်ဒဏ်ဘောကတစ်ဆင့် သွင်းယူခဲ့ပါတယ်။
အခြားပွဲရလဒ်များ
ဘာရှက်ဆီဟီ ၁-၀ FC ကိုပင်ဟေဂင်
ဖရန့်ဖတ် ၀-၃ ဘေဆယ်
ရိန်းဂျားစ် ၁-၃ လေဗာကူဆင်
ဝုလ်ဖ်ဘတ် ၁-၂ ရှက်တာဒိုးနက်
အင်တာမီလန် P-P ဂီတာဖေး
ဆီဗီလာ P-P ရိုးမား










